Homeသတင်းမွန်တိုင်းရင်းသားစာပေ Grade 4, 5 အတန်းများ တိုးမြှင့်သင်ကြားနိုင်ရန် ပြင်ဆင်

မွန်တိုင်းရင်းသားစာပေ Grade 4, 5 အတန်းများ တိုးမြှင့်သင်ကြားနိုင်ရန် ပြင်ဆင်

-

မွန်ပြည်နယ်၊ အခြေခံပညာကျောင်းများတွင် လာမည့် ပညာသင်နှစ်မှစ၍ တိုင်းရင်းသားစာပေ Grade 4,5 အတန်းများကို တိုးမြှင့် သင်ကြားနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေကြောင်း မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ အဖွဲ့ဝင်များ၏ ပြောကြားချက်အရ သိရသည်။

ဩဂုတ်လ ၂၆ ရက်နေ့က မွန်စာပေသင်ကြားရေးနှင့် မွန်အမျိုးသားပညာရေးဆိုင်ရာ ကိစ္စရပ်များကို စစ်အစိုးရ၏  တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပညာရေးနှင့် တိုင်းရင်းသားစာပေ ယဉ်ကျေးမှုဦးစီးဌာန မွန်အမျိုးသားပညာရေးကော်မတီ၊ မွန်နိုင်ငံရေးပါတီနှင့် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

မွန်တိုင်းရင်းသားစာပေ သင်ကြားနေမှုအခြေအနေ၊ ကျောင်းအရေအတွက်၊ ဆရာ၊ဆရာမနှင့် ကျောင်းသားအရေအတွက်များအပြင် သင်ကြားရေးလိုအပ်ချက်များကို စက်တင်ဘာလအတွင်း မြို့နယ်အလိုက် လိုက်လံ စစ်ဆေးသွားရန်ရှိသည်ဟု ဆိုသည်။

ကော်မတီဝင်တစ်ဦးက “ သင်ကြားရင်းနဲ့ပဲ လိုအပ်ချက်တွေ၊ အားနည်းချက်တွေ ပေါ်လာရင် ပြင်ဆင်ပြီး ဆက်လက်အကောင်အထည်ဖော်သွားရမယ်။ အရင်ဆုံးကတော့ မော်လမြိုင်မြို့နယ်၊တိုက်နယ်အားလုံးကို သွားရောက်မေးမြန်းဖို့ပဲ။ ” ဟု ၎င်းကပြောသည်။

တိုင်းရင်းသားစာပေသင် ဆရာ/မ ဦးရေပြည့်မီသည့် ကျောင်းအချို့တွင်း Grade 4,5  အတန်းများကို စတင်သင်ကြားနေခြင်းများလည်း ရှိသည်။

ယခုပညာသင်နှစ်အတွင်း TA/LT ဆရာမများ အသစ်လာရောက်လျှောက်ထားခြင်းမရှိသဖြင့် လာမည့် ပညာသင်နှစ်အတွင်း  ကျောင်းအလိုက် အတန်းတိုးမြှင့်သင်ကြားနိုင်ရန် ဆရာ/မ လိုအပ်ချက်များနှင့် ရင်ဆိုင်နိုင်ကြောင်းဆိုသည်။

“TA/LT လျှောက်မဲ့သူတွေမရှိဘူး။ အကျိုးခံစားခွင့်မရှိတဲ့အတွက်ပေါ့နော်။ TA/LT မရှိလို့ မစနိုင်တဲ့ ကျောင်းတွေတော်တော်များများရှိမယ်။ ကျနော်တို့အနေနဲ့ စနိုင်အောင် ကြိုးစားနေရတယ်။ ” ဟု အထက်ပါ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ အဖွဲ့ဝင်ကဆိုသည်။

Grade 4,5 အတန်းအတွက်  ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်မှ ရေးဆွဲထားသည့် သင်ရိုးညွှန်းတမ်းဖတ်စာအုပ်အတိုင်း သင်ကြားသွားမည်ဖြစ်ပြီး စာအုပ်အရေအတွက် လိုအပ်ချက်များကို ပညာရေးဌာနနှင့် ဆက်လက် ညိနှိုင်းဆောင်ရွက်ရမည်ဟု ဆိုသည်။

လက်ရှိတွင် မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့တို့မှ မွန်စာပေသင်ကြားလိုသည့် ဒေသခံဆရာ၊ဆရာများကို စည်းရုံးခေါ်ယူနေရပြီး လစာနှင့် ထပ်စောင်းအကျိုးခံစားခွင့်များကိုလည်း မြို့နယ်အလိုက် တတ်နိုင်သမျှ ဖြည့်ဆည်းပေးနေသည်ဟုလည်း ဆိုသည်။

မွန်စာပေသင်ကြားရေးအတွက် ဆရာ၊ ဆရာမခန့်ထားရေးကို တိုင်းရင်းသားဝန်ကြီးဌာနထံ လျှောက်ထားရပြီး၊ သင်ကြားခွင့်ပြုချက်ရရှိရေးမှာ ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်အရ ဖြစ်သောကြောင့် ဝန်ကြီးဌာနနှစ်ခု အကြား ညှိနှိုင်းဆောင်ရွက်နေရသောကြောင့် လစ်လပ်နေရာများသွားရသည်ဟု ဆိုသည်။

မွန်ပြည်နယ်တွင် တိုင်းရင်းသားစာပေကို ပေါင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးစသည့် မြို့နယ် ၆ မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် သင်ကြားလျက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts