Homeဆောင်းပါးအသွင်ပြောင်းပုံစံဖြင့် ကျားဖြန့်လုပ်ငန်း ဆက်လက်အမြစ်တွယ်နေသည့် နယ်စပ်မြို့သို့

အသွင်ပြောင်းပုံစံဖြင့် ကျားဖြန့်လုပ်ငန်း ဆက်လက်အမြစ်တွယ်နေသည့် နယ်စပ်မြို့သို့

-

ခရီးသွားဆောင်းပါး-မိထောကွန်း

နံနက်ခင်း လေအေးနှင့်အတူ ထိုင်း-မြန်မာနယ်စပ်တစ်နေရာ၏ လမ်းပိုင်းတစ်ခုအတိုင်း ကားလေးစတင် ထွက်ခွာလာချိန်၌ မနက် ၈ နာရီကျော်ခဲ့ပြီ ဖြစ်သည်။

နယ်စပ်နေသူတစ်ဦးအဖို့ မကြာခဏ ဖြတ်သန်းသွားလာလေ့ရှိသော်လည်း ယခုတစ်ခေါက်သည် ပုံမှန်သွားလာခြင်း မဟုတ်ဘဲ၊ နယ်စပ်ဒေသကို လွှမ်းမိုးထားသည့် “ကျားဖြန့်” နှင့် ကာစီနိုလုပ်ငန်းများ၏ မြေပြင်အခြေအနေမှန်ကို စုံစမ်းမည့် ခရီးဖြစ်သဖြင့် စိတ်လှုပ်ရှားမိသည်မှာ အမှန်ပင်ဖြစ်သည်။

လမ်းတစ်လျှောက် ထိုင်းစစ်ဆေးရေးဂိတ်များ၊ မွန်ပြည်သစ်ပါတီ (NMSP) စစ်ဆေးရေးဂိတ်နှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ၏ စစ်ဆေးရေးဂိတ်များကို အဆင့်ဆင့် ဖြတ်သန်းခဲ့ရသည်။ စစ်ဆေးရေးဂိတ် အများအပြားရှိနေခြင်းကပင် နယ်စပ်ဒေသ၏  လုံခြုံရေး အခြေအနေကို ပေါ်လွင်စေသည်။

တစ်ဖက်ရှိ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ကို ရောက်ရှိလာချိန် ပထမဦးဆုံး ခြေဦးတည်ခဲ့သည့် နေရာသည် မြို့မဈေးဖြစ်ပြီး ဈေးအတွင်း ပုံမှန် နေ့စဉ်ဘဝ သွားလာလှုပ်ရှားမှုများကို တွေ့ရသလို၊ လွမ်းမောဖွယ် ဒေသအစားအစာဖြစ်သော ရေစိုမုန့်တီကိုလည်း ပြန်စားခွင့်ရခဲ့သည်။

ဈေးဝန်းကျင်မှတစ်ဆင့် ကာစီနိုလုပ်ငန်းများ အဓိက အခြေစိုက်ခဲ့ဖူးသည့် “ကျောင်းဂိတ်” ရပ်ကွက် ဘက်သို့ ရောက်ရှိလာချိန် မြင်ကွင်းများ လုံးဝ ပြောင်းလဲသွားခဲ့သည်။

အဆောက်အအုံများပေါ်တွင် “Lucky-777” နှင့် “999” ကဲ့သို့သော တရုတ်အမည်ပါ ဆိုင်းဘုတ်များကို တွေ့ရဆဲဖြစ်ပြီး ပတ်ဝန်းကျင်တွင် DKBA တပ်ဖွဲ့ဝင်များက လုံခြုံရေး အပြည့်အဝ ချထားသည်။

အပြင်ပန်းအားဖြင့် လုပ်ငန်းများ မရှိတော့သကဲ့သို့ ပိတ်ထားသော်လည်း အဆောက်အအုံအတွင်း လုပ်ငန်းများ အနည်းနှင့်အများ ဆက်လက်လည်ပတ်နေဆဲ ဖြစ်ကြောင်း မြို့ခံတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

ထို့ပြင် ဥဒေါင်းကန်နှင့် ကရင်စု ရပ်ကွက်များဘက်တွင်လည်း စားသောက်ဆိုင်၊ မာဆက်၊ KTV၊ ဧည့်ရိပ်သာ အပြင် အလုံပိတ်အခန်းပုံစံဖြင့် ဆောက်လက်နေသည့် အဆောက်အအုံများစွာကို တွေ့ရသည်။

မြင်တွေ့ခဲ့ရသည့် မြင်ကွင်းများကြောင့် သိလိုစိတ်နှင့် မေးခွန်းထုတ်ဖွယ် များလာချိန်တွင် မိတ်ဆွေတစ်ဦး၏ အကူအညီဖြင့် ဒေသခံ တက္ကစီယာဉ်မောင်းတစ်ဦးနှင့် မြို့တွင်း လက်ဖက်ရည်ဆိုင်၌ ဆုံတွေ့ခွင့်ရခဲ့သည်။

မြေပြင်အခြေအနေကို သိချင်လွန်းသည့် စိတ်ကြောင့်ပင် ဘေးပတ်ဝန်းကျင်၏ လုံခြုံရေးအခြေအနေကို ပမာမထားနိုင်တော့ဘဲ သူ့ထံသို့ မေးခွန်းများ ဆက်တိုက် မေးမြန်းမိတော့သည်။

၎င်း၏ ပြောပြချက်အရ ကျောင်းဂိတ်အပြင် ကရင်စု၊ ဥဒေါင်းကန်နှင့် တိုင်တစ်ရာ စသည့်နေရာများတွင်လည်း ကျားဖြန့်လုပ်ငန်းများ ရှိနေဆဲဖြစ်သည်။ အပြင်ပန်းအားဖြင့် လုပ်ငန်းများ ရပ်ဆိုင်းထားသကဲ့သို့ ပြင်ဆင်ပြသထားသော်လည်း အဆောက်အအုံများ၏ အတွင်းပိုင်း၌မူ အွန်လိုင်းငွေလိမ်လုပ်ငန်းများ အနည်းနှင့်အများ ဆက်လက်လည်ပတ်နေဆဲဖြစ်ကြောင်း သိလိုက်ရသည်။

နေ့လည်စာ ဝင်ရောက်စားသောက်သည့် “Lucky-777” ဆိုင်အတွင်း၌ပင် တရုတ်နိုင်ငံသားအချို့ လာရောက်စားသောက်နေကြသည်ကို မျက်မြင်တွေ့ရှိလိုက်ပြီး မှာယူစားသုံးသည့် ဟင်းပွဲတူသော်လည်း ၎င်းတို့က ဈေးနှုန်းပိုပေးရသည်ကို တွေ့ရသည်။

ကိုယ်တိုင်မြင်တွေ့ရသည့်အဖြစ်နှင့် အတူပါလာသည့် မိတ်ဆွေတစ်ဦး၏ ပြောပြချက်အရ တရုတ်နိုင်ငံသားများကို မြို့ခံဈေးသည်များက ပုံမှန်ဈေးထက် အဆပေါင်းများစွာ တိုးမြှင့်ပြီး စိတ်ကြိုက်ရောင်းနေကြသည်ကို သဘောပေါက်မိသည်။

မြို့တစ်ဝိုက်ကို သာမန် ခရီးသွားတစ်ယောက်လို ပေါ့ပါးစွာ လှည့်ပတ်ကြည့်ရှုနေမိသော်လည်း၊ စစ်ဆေးရေးဂိတ်ရှေ့ ဖြတ်ကျော်သွားသည့်အချိန်တိုင်း အလိုလိုကျောစိမ့်သွားသည့် ခံစားချက်ကိုမူ မဖုံးကွယ်နိုင်ခဲ့ပါ။

လွန်ခဲ့သည့်နှစ်အတွင်း ထိုင်းအာဏာပိုင်များက နယ်စပ် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို နှိမ်နင်းရန် ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့ခြင်းကြောင့် အဆိုပါ လုပ်ငန်းများနှင့် တရုတ်နိုင်ငံသားများသည် ဘုရားသုံးဆူမြို့အပြင်နှင့် ကြိမ်ချောင်းနှင့် ထီလှောင်ရှူး ကျေးရွာများဘက်သို့ ရွှေ့ပြောင်းသွားခဲ့ကြသည်။

အဆိုပါ ကျေးရွာများတွင် ဗိုလ်မှူးကြီး စောအေဝမ်း၏ အကူအညီဖြင့် အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်ပေးနေဆဲ ဖြစ်ပြီး နေ့စဉ်ကားအဝင်အထွက် များပြားကြောင်းလည်း ဆိုသည်။

လုံခြုံရေးဆိုင်ရာ စိုးရိမ်ရသည့် အခြေအနေများကြောင့်လည်းကောင်း၊ အချိန်လင့်သွားခဲ့သည့်အတွက်လည်းကောင်း အဆိုပါ နေရာသစ်ဆီသို့ ကိုယ်တိုင် သွားရောက်ကြည့်ရှုခွင့် မရခဲ့ပေ။

သို့သော် မြေပြင်တွေ့ရှိချက်နှင့် မေးမြန်းချက်များအရ လုပ်ငန်းများသည် မြို့အပြင်ဘက်သို့ ရွှေ့ပြောင်းသွားရုံသာမက ဘုရားသုံးဆူမြို့ပေါ်ရှိ အခြားသော ရပ်ကွက်များအတွင်းသို့ပါ လူခွဲ၍ အသွင်ပြောင်း ရွှေ့ပြောင်းသွားခြင်းဖြစ်သည်။

ထို့ကြောင့် ဘုရားသုံးဆူမြို့ပေါ်တွင် တရုတ်နိုင်ငံသားနှင့် ကာစီနိုလုပ်ငန်းများ ထင်ထင်ရှားရှား မမြင်တွေ့ရတော့ခြင်းမှာ လုပ်ငန်းများ လုံးဝပျောက်ကွယ်သွားခြင်း မဟုတ်ဘဲ၊ အဖက်ဖက်မှ ဖိအားပေးမှုများကြောင့် မြို့အပြင်ဘက် သို့မဟုတ် မြို့ပေါ်ရှိ အခြားနေရာများသို့ အသွင်ပြောင်း ရွှေ့ပြောင်း၍ ဆက်လက်လည်ပတ်နေဆဲဖြစ်ကြောင်း ခရီးစဉ် မြင်ကွင်း အခြေအနေများနှင့် မြို့ခံများ၏ ထောက်ပြချက်များက ညွှန်းဆိုနေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts