Homeသတင်းစစ်ကြောင်းကြောင့် လောင်းလုံး‌ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

စစ်ကြောင်းကြောင့် လောင်းလုံး‌ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

-

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် ဒေသခံ ၂၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီတပ် အင်အား ၅၀ ကျော်တို့က လောင်းလုံးမြို့နယ် ငါးအုပ်စုကျေးရွာဟုခေါ်သည့် ကျောက်ဆင်၊ သဘော့ဆိပ်၊ ပြင်ကြီး၊ ကရင်ကြီး၊ ကမ်းပနီ စသည့်ကျေးရွာများသို့ ပြီးခဲ့သည့်အပတ်ကတည်းက စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်တို့သည် ကျေးရွာအတွင်း သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည့်အပြင် နေအိမ်များ မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းတို့ကိုလည်း လုပ်ဆောင်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

“သူတို့ (စစ်တပ်) က ရွာထဲဝင်လာတာနဲ့ သေနတ်တွေနဲ့ ပစ်တော့တာဘဲ၊ အကုန်လုံးက ကြောက်ပြီး ရွာထဲက ထွက်ပြေးတယ်၊ ရွာထဲမှာလည်း တောက်လျှောက် လက်နက်ကြီးတွေနဲ့ ပစ်တယ်၊ အိမ်တွေထဲ ဝင်ပြီး သူတို့လိုချင်တာတွေယူပြီးရင် မီးရှို့ပစ်ခဲ့တယ်” ဟု  ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့်  ကျောက်ဆင်၊ သဘော့ဆိပ်၊ ပြင်ကြီး၊ ကရင်ကြီး၊ ကမ်းပနီ စသည့်ရွာတို့တွင် နေအိမ် ၁၀ လုံးထက်မနည်း မီးရှို့ ဖျက်ဆီးခံရသည်ဟုလည်း ဒေသခံတို့က ပြောသည်။

စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် မတ်လ ၆ ရက်မှ ၁၂ ရက်အထိ ကျောက်ဆင်၊ သဘော့ဆိပ်၊ ပြင်ကြီး၊ ကရင်ကြီး ကမ်းပနီ စသည့် ကျေးရွာငါးရွာမှ ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

လောင်းလုံးမြို့နယ်အတွင်း၌ မတ်လဆန်းပိုင်းက စစ်ရှောင်သူ ၃၇၀ ဝန်းကျင်သာရှိခဲ့ပြီး ယခုအခါ စစ်ရှောင်ပြည်သူ ၂၀၀၀ ဝန်းကျင်အထိရှိလာသည်ဟု စစ်ရှောင်အရေးကူညီနေသူတို့က ပြောသည်။

လတ်တလောတွင် ထွက်ပြေးတိမ်းရှောင်နေရသူများသည် နီးစပ်ရာ ကျေးရွာတို့တွင် ခိုလှုံနေကြရပြီး စစ်ကောင်စီတပ်များ ပြန်လည် ရောက်ရှိလာမည်ကို စိုးရိမ်နေသည့်အတွက် နေအိမ်သို့ မပြန်ရဲကြသေးဘူးလို့လည်း ဒေသခံတို့က ပြောသည်။

Photo: လောင်းလုံစစ်ဘေးရှောင် (#crd: Delta News Agency)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts