ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်ပြောင်းဒေသ နမ်းနှိမ်းကျေးရွာဘုန်းကြီး ကျောင်းတွင် ခိုလှုံနေကြသည့် ရဟန်းနှင့် ပြည်သူများ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသည်ဟု ကရင်နီအမျိုးသားတပ်မတော် (KNDF) နှင့် ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(ခမ်းကောင်း)-PNDF(KK) က ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီတပ်သည် ပင်လောင်မြို့နယ် နမ်းနှိမ်းကျေးရွာအနီးဝန်းကျင်သို့ တိုက်လေယာဥ်နှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် ကျေးရွာသား ၃၀ ဦးနှင့် ဘုန်းကြီး ၃ ပါးတို့အား ခိုအောင်းရာနေရာမှ ထွက်စေခဲ့ပြီး ကျောင်းနံရံရှေ့တွင်ပင် ရက်စက်စွာ သတ်ဖြတ်ခဲ့သည်ဟု KNDF က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်များ ကျေးရွာအတွင်းသို့ ဝင်ရောက်စဥ် KNDF, PDF, KA တို့ အလှမ်းမကမ်းတွင် ကင်းထောက်တွေ့ရှိခဲ့သော်လည်း စစ်ကောင်စီတပ်ဘက်မှ အင်အားအများအပြားဖြင့် ဝင်ရောက်စီးနင်းမှုကြောင့် မိမိတို့ ဝင်ရောက်ကူညီနိုင်ခြင်းမရှိခဲ့ဘူးလို့လည်း ဆိုသည်။
မတ်လ ၁၂ ရက်နေ့ နေ့လည်အချိန်မှသာ ကျေးရွာအတွင်း ဝင်ရောက်နိုင်ခဲ့ပြီး ရဟန်းနှင့် ပြည်သူများ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရသည်ကို မှတ်တမ်းယူနိုင်ခဲ့သည်ဟုလည်း KNDF က ထုတ်ပြန်ထားသည်။
ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်(ခမ်းကောင်) ကလည်း ဘုန်းကြီးနှင့် ပအိုဝ်းပြည်များ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံထားရသည့်နေရာတွင် စစ်ကောင်စီတပ်၏ MA-5.56 ကျည်ဆံခွံ ကျည်ဘူးခွံများ၊ M79 ကျည်ဆံခွံများ၊ လက်နက်ကြီးစများအပြင် ကာကွယ်ရေးပစ္စည်းစက်ရုံများတွင် ထုတ်လုပ်သည်ဟူသည့် စာတန်းပါ စစ်ကောင်စီ (ကပစ) ထုတ် ကျည်ဘူးခွံများ သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ထားသည်။
၎င်းပြင် ကျေးရွာထဲ လူနေအိမ်များကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး ပျက်ဆီးနေသည့် ဓာတ်ပုံမှတ်တမ်းများကိုလည်း PNDF(KK) က ထုတ်ပြန်ထားသည်။