Homeသတင်းဘီးလင်းမြို့နယ် ကျားကွင်းကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

ဘီးလင်းမြို့နယ် ကျားကွင်းကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

-

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ကျားကွင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောစိုးသိန်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

အုပ်ချုပ်ရေးမှူး ဦးစောစိုးသိန်းသည် ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်က အမည်မသိ သေနတ်သမားနှစ်ဦးတို့မှ ၎င်း၏နေအိမ်ရှေ့မှာပင် ပစ်ခတ်သွားခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးစောစိုးသိန်းသည် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားသည်ဟုလည်း သိရသည်။

“သေနတ်သမားတွေက ဦးစောစိုးသိန်းရဲ့ အိမ်ရှေ့မှာပဲ သေနတ်နဲ့ပစ်သွားတာ။ သေနတ်သံ (၆) ချက်ကြားလိုက်ရတယ်။ ဦးခေါင်းနဲ့ ခန္ဓာကိုယ်အနှံ့မှာ သေနတ်ဒဏ်ရာတွေရပြီးတော့ ပွဲချင်းပြီးပဲ သေဆုံးသွားတယ်လို့ သိရတယ်” ဟု အထက်ပါဒေသခံက ပြောသည်။

ဦးစောစိုးသိန်း ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ဦးစိုးသိန်း၏ ရုပ်အလောင်းကို ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြသည်ဟုလည်း ဒေသခံတို့၏ပြောကြားချက်အရ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာက ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဖုန်းမြင့်ကျော်လည်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဘီးလင်းမြို့နယ်အတွင်း၌ နိုင်ငံရေးပါတီဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများအပါအဝင် ပြည်သူ ၃၀ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts