Homeငြိမ်းချမ်းရေးဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးခရီး ဝေးနေသေးဟု မွန်သုတေသနစာတမ်းတရပ်မှ ဖော်ပြ

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးခရီး ဝေးနေသေးဟု မွန်သုတေသနစာတမ်းတရပ်မှ ဖော်ပြ

-

အောက်တိုဘာ ၂၅ ရက်နေ့ တွင် ရာမညအင်စတီကျုသုတေသနအဖွဲ့ (RICE) မှ ထုတ်ဝေသည့် ဖက်ဒရယ်ခရီးဟု အမည်ရသည့် ပြည်သူများ၏ ဖက်ဒရယ်အပေါ်အမြင် သုတေသနစာတမ်းတရပ်တွင် ဗမာလူမျိုးများ အဓိကပါဝင်သည့် ဒီမိုကရေစီအင်အားစုနှင့် ဖက်ဒရယ်ကို တောင်းဆိုသည့် တိုင်းရင်းသားလူမျိုးများအကြား စည်းလုံးညီညွတ်မှု အားနည်းနေသေးခြင်းနှင့် မြန်မာစစ်တပ်နှင့် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေအဟန့် အတားများကြောင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာ အလှမ်းဝေးနေကြောင်း ဖော်ပြထားသည်။

"စစ်တပ်က အာဏာသိမ်းထားကာလမို့ လို့ သုတေသနလုပ်ငန်းကို ကျယ်ကျယ်ပြန့် ပြန့် မလုပ်နိုင်ပါဖူး။ Online ကို အဓိကထားပြီး သုတေသနလုပ်ပါတယ်၊ မေးခွန်းလည်း မေးပါတယ်။ ဒါပေမဲ့ ဖြေဆိုသူတွေက လူမျိုးစုံ ဒေသစုံ ပါနေပါတယ်။ သုတေသန တွေ့ရှိချက်တွေကတော့ သိပ်ပြီး မှားယွင်းတာတော့ မရှိပါဖူး၊ အားကိုးလို့ ရပါတယ်"ဟု သုတေသနတွင် ပါဝင်လုပ်ဆောင်တဦးက ပြောကြားသည်။

သုတေသနလုပ်ငန်းတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ပြည်နယ်ဖွဲ့ စည်းရေး စသည်တို့ နှင့် ပတ်သက်သည့် မေးခွန်း (၁၀) ခု မေးမြန်းခဲ့သည်။ မေးခွန်း (၇) ခုမှာ ဖက်ဒရယ်ပြည်ထောင်စုအပေါ် ပြည်သူလူထု၏ နားလည်မှုကို ပစ်မှတ်ထား မေးမြန်းထားပြီး ကျန်သည့် မေးခွန်း (၃) ခုကား ပြည်နယ်ဖွဲ့ စည်းရေးအတွက် မေးမြန်းထားသည်။

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၏ ကြီးမားဆုံးသော စိန်ခေါ်မှုကား ပြည်တွင်းစစ်နှင့် ၂၀၀၈ ဖွဲ့ စည်းပုံ ဖြစ်ကြောင်း အများက သဘောတူသည်။ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့ စည်းသည့်အခါ ပြည်ထောင်စုနှင့် ပြည်နယ်အကြား အာဏာခွဲဝေမှု ရှင်းရှင်းလင်းလင်း ရှိရန် လိုအပ်ကြောင်း ဖြေဆိုသူတို့ က အကြံပြုထားသည်။

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် ဖက်ဒရယ်ယူနစ်များဖြင့် ဖွဲ့ စည်းရန်လိုအပ်ပြီး လူမျိုးစုပြည်နယ်များ၊ လူမျိုးပေါင်းစုံ အမျိုးသားများပြည်နယ်များဖြင့် ဖွဲ့ စည်းသင့်သည်ဟု ဆိုသည်။ ပြည်နယ်ယူနစ်များတွင် ‘ဗမာပြည်နယ်’ ဖွဲ့ စည်းသင့်ကြောင်း ဖြေဆိုသူ (၆၀) ရာခိုင်နှုန်းက ပြောကြားသည်။

"အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဗမာလူမျိုးများ အဓိကပါဝင်သည့် ဒီမိုကရေစီအင်အားစုနှင့် ဖက်ဒရယ်ကို တောင်းဆိုသည့် တိုင်းရင်းသားလူမျိုးများအကြား စည်းလုံးညီညွတ်မှု ရှိသည်ဟု ယုံကြည်ပါသလား" ဆိုသည့် မေးခွန်းအား ဖြေဆိုရာတွင် အများစု (၆၆) ရာခိုင်နှုန်းကား မယုံကြည်ဟု ဖြေဆိုထားပါသည်။ ယုံကြည်သည်ဟု ဖြေဆိုသူ (၁၄) ရာခိုင်နှုန်းသာရှိသည်။ ကျန်သည့်သူများကား ၎င်းတို့ မသိဟု ဆိုသည်။

ပြည်နယ်များတွင် ဖွဲ့ စည်းပုံအခြေခံဥပဒေ အပြည့်အဝ ရှိရမည်ဟု ဖြေဆိုသူ (၉၀) ရာခိုင်နှုန်းမှ ဖြေဆိုပြီး (၁၀) ရာခိုင်နှုန်းကား ဖွဲ့ စည်းပုံမလိုပါ ပြည်နယ်အခြေခံဥပဒေ (State Law) ရှိက လုံလောက်သည်ဟု ဆိုသည်။ ပြည်နယ်တွင် အခွန်ကောက်နိုင်သည့်အာဏာနှင့် ကာကွယ်ရေး/လုံခြုံရေးအာဏာ ရှိရမည်ဟု ဖြေဆိုသူအများစုက သဘောတူသည်။

သုတေသနစာတမ်း၏ အကြံပြုချက်များတွင်ကား ဖက်ဒရယ်နှင့် ပတ်သက်သည့် ပညာပေးလုပ်ငန်းများ၊ နိုင်ငံရေးဆွေးနွေးမှုများ ဆောင်ရွက်ရန် တိုက်တွန်းထားပြီး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ ရေးသားထားသည့် ဖက်ဒရယ်ဒီမိုကရေစီချာတာအား ပြည်သူအကြား ဖြန့် ဝေရန် လိုအပ်ကြောင်း အကြံပြုထားသည်။

အစီရင်ခံစာ Link>>https://bit.ly/3N9KP4m

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts