spot_img
Thursday, May 9, 2024
More
    spot_img
    Homeငြိမ်းချမ်းရေးနိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးမူအတိုင်း ဆက်သွားမည်ဟု PPST ဆို

    နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးမူအတိုင်း ဆက်သွားမည်ဟု PPST ဆို

    -

    အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်း‌ရေး မူအတိုင်း ဆက်သွားမည်ဟု ပြောသည်။

    အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ပြီး လက်ရှိ လက်နက်ကိုင်ပဋိပက္ခများကြောင့် ထွက်ပေါ်လာသော တိုက်ပွဲရှောင်ပြည်သူများအား အကူအညီပေးနိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အပစ်ရပ်လက်မှတ်ရေးထိုးထားသော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

    “ကျနော်တို့ကတော့ ချထားတာ ကြာပြီလေ၊ NCA လမ်းကြောင်း NCA မှာ ပြဌာန်းထားတဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းမယ်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ရသလောက် ဆက်လုပ်မယ်။ နိုင်ငံရေး ဆွေးနွေးပွဲတွေကို အားလုံးပါဝင်လာနိုင်အောင် ကြိုးစားမယ်၊ နိုင်ငံရေး ပြဿနာကို လက်နက်နဲ့ မရှင်းဘူး။ ဒီမူတွေကတော့ ကျနော်လို့ လက်မှတ်ထိုးကတည်းက ကိုင်ထားတာပဲ၊ ဆက်ကိုင်သွားမှာပဲ၊ ဒီမူတွေ ဆက်ကိုင်တဲ့ အဖွဲ့ထဲမှာတော့ လက်နက်ကိုင်ပဋိပက္ခထဲ ရောက်မှာမဟုတ်ဘူး။ လက်နက်ကိုင်ပဋိပက္ခထဲ သွားချင်တဲ့ လူတွေကတော့ ဒီမူတွေ ပယ်မှာပေါ့။ ကျနော်တို့ကတော့ ဒီမူအတိုင်းပဲ နိုင်ငံရေး ဆွေးနွေးပွဲ မပေါ်သေးလဲ ဘာမှမဖြစ်ဘူး။ ကြိုးစားနေကြမယ်၊ ပေါ်လာရင်လည်း အားလုံးပါဝင်ရမယ်။ ထို့အတူပဲ လက်နက်ကိုင် ပဋိပက္ခကြောင့် ဘေးထွက်ဆိုးကျိုးဖြစ်တဲ့ ဒုက္ခသည်တွေကို စားဝတ်နေရေး၊ လုံခြုံရေး ကူညီဖို့က ကျနော်တို့ NCA လက်မှတ်ထိုးတဲ့ အဖွဲ့တွေသာ လုပ်နိုင်ကိုင်နိုင်တဲ့ အခွင့်အလမ်းရှိတယ်၊ ဒါကြောင့် အရပ်သားတွေကို အကာအကွယ်ပေးမယ်၊ လူသားချင်းဆိုင်ရာ အကူအညီတွေ ရအောင် ရှာပေးမယ်၊ ကျနော်တို့က အခုချိန်မှာ ဒီအလုပ်က အများဆုံး လုပ်နိုင်တဲ့ အလုပ်ပေါ့ဗျာ၊ လုပ်လည်း လုပ်နေပါတယ်” ဟု ၎င်းက ပြောသည်။

    တိုက်ပွဲများကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသော ပြည်သူများကို ကူညီစောင့်ရှောက်မှုများကို မိမိတို့ အပစ်ရပ်လက်မှတ်ထိုးထားသော အဖွဲ့အစည်းများက လုပ်ဆောင်နေကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

    တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို ကရင်အမျိုးသားအစည်းအရုံး (KNU)၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ဒီမိုကရေစီ အကျိုးပြုကရင် တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)တို့ လက်မှတ်ထိုးခဲ့သည်။

    ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း KNU၊ CNF နှင့် ABSDF တို့သည် PPST တွင် ပါဝင်မှုအဆင့်များကို လျှော့ချထားပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေ့ဆုံဆွေးနွေးပွဲများ တက်ရောက်ခြင်း မရှိသည်ကို တွေ့ရသည်။

    လက်ရှိတွင်လည်း KNU၊ CNF နှင့် ABSDF တို့သည် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ စစ်ကောင်စီ ဖြုတ်ချရေး တိုက်ခိုက်လျက်ရှိနေသည်။

    နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရေး မိမိတို့ PPST အနေဖြင့် တစိုက်မတ်မတ် လုပ်ဆောင်နေသည်ဟု PPST မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

    “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုရင် ဒီမိုကရေစီအင်အားစုတွေအားလုံး ပါဝင်စကားပြောရမှာ ဖြစ်သလို ဖက်ဒရယ်လို့ ပြောလိုက်မယ်ဆိုရင်လည်းပဲ ကျနော်တို့ တိုင်းပြည်မှာ ရှိတဲ့ တိုင်းရင်းသားလူမျိုးများ အားလုံး စုပေါင်းစကားပြောနိုင်တဲ့ အခင်းအကျင်းဟာလည်း မျက်ကွယ်ပြုထားလို့ မရပါဘူး။ ဒါမရှိမဖြစ်လိုအပ်တဲ့ အခင်းအကျင်းဖြစ်တယ်။ သို့သော် ဒီလိုမျိုး စစ်ဘောင်ကျယ်တဲ့ ကာလမှာတော့ ခုနားပြောသလိုမျိုးပဲ ကျနော်တို့ နိုင်ငံရေး တွေ့ဆုံဆေးနွေးမှုက လုပ်ရကိုင်ရတာ စိန်ခေါ်မှုတွေ အခက်အခဲတွေ အကျပ်အတည်းတွေ အမျိုးမျိုး ရှိနေတဲ့ကာလမှာကတော့ ကျနော်တို့ အပစ်ရပ်အဖွဲ့ အပစ်ရပ်အဖွဲ့တောင်မှ အားလုံး မဟုတ်ဘူးပေါ့လေ၊ တချို့က တစ်ခါတစ်လေကြရင်လည်းပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့ ခေါင်းစဉ်နဲ့ လုပ်ရတာ ရှိသလို၊ တစ်ခါတလေကြရင်လည်းပဲ  PPST ဦးဆောင်မှုကော်မတီနဲ့ လုပ်ရတဲ့ အစိတ်အပိုင်းတွေလည်း ရှိတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်တို့ နားလည်မှုတူပြီးသား နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ အဖြေရှာနိုင်အောင်တော့ ကျနော်တို့ကလည်း ရှိသမျှ စုစည်းမှုနဲ့ ကျနော်တို့ကတော့ တစိုက်မတ်မတ်ကြိုးပမ်း လုပ်ဆောင်မှုတွေကတော့ ရှိတယ်” ဟု ၎င်းက ပြောသည်။

    ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ အလှည့်ကျအာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမည့် လာအိုနိုင်ငံမှ အာဆီယံအထူးကိုယ်စားလှယ်သည် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းအချို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ရှိခဲ့သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,300SubscribersSubscribe
    spot_img

    Latest posts