Homeသတင်းသထုံမြို့နယ် ကြာပန်းကျေးရွာ စစ်ဆေးရေးတိုးဂိတ် ပစ်ခတ်ခံရ

သထုံမြို့နယ် ကြာပန်းကျေးရွာ စစ်ဆေးရေးတိုးဂိတ် ပစ်ခတ်ခံရ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ စက်တင်ဘာ ၆)

သထုံမြို့နယ် ကြာပန်းကျေးရွာ ကြာပန်းပူးပေါင်းစစ်ဆေးရေးတိုးဂိတ်ကို စက်တင်ဘာ ၅ ရက် ည ၇ နာရီကျော်ခန့်က အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုမှ လာရောက်ပစ်ခတ်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ကြာပန်းစစ်ဆေးရေးတိုးဂိတ်ကို အမည်သိလက်နက်ကိုင်အဖွဲ့တစ်ခုမှ လက်နက်ကြီး ၄၀ မမ ဗုံးသီး ၃ လုံးနှင့် စတင်ပစ်ခတ်ခဲ့ပြီးနောက် လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း  မြို့ခံတစ်ဦးက မွန်သတင်းအေဂျင်စီကို ပြောသည်။

“ပထမ ၄၀ မမ သုံးလုံးလောက် အရင်ပစ်ထည့်သွားတယ်ပြောတယ်၊ ချက်ချင်းပဲ လက်နက်ငယ်တွေနဲ့ ဝင်ပစ်တာပဲ၊ လုံခြုံရေးတပ်ဖွဲ့တွေက ပြန်ပစ်တော့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်တယ်၊ အဲမှာနောက်ထပ် လက်နက်ကြီးအသံ ၃ ချက် ၄ ချက်နဲ့ လက်နက်ငယ်ပစ်ခတ်နေတဲ့အသံက မိနစ် ၂၀ နီးပါး ကြာတယ်။ဘယ်အဖွဲ့နဲ့ ဖြစ်တာလဲတော့ မသိရဘူး” ဟု ၎င်းက ပြောသည်။

အပြန်အလှန်ပစ်ခတ်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှုရှိ မရှိကို မေးမြန်းစုံစမ်းနေဆဲဖြစ်ပြီး ယင်းစစ်ဆေးရေးဂိတ်နှင့် အဆောက်အဦးတချို့ကတော့ ထိခိုက်ပျက်စီးဆုံးရှုံးမှု ရှိသည်ဟု သထုံမြို့မရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါပစ်ခတ်မှုနှင့် ပတ်သက်ပြီး စစ်တပ်လုံခြုံရေးပူးပေါင်းအဖွဲ့များက ယနေ့ နံနက်အစောပိုင်းက သထုံမြို့ပေါ်ရပ်ကွက်နှင့် အဝေးပြေး ကားလမ်းမတလျှောက်မှာ ရှာဖွေစစ်ဆေးမှု လုပ်ဆောင်နေကြောင်း ဒေသခံတစ်ချို့၏ ပြောဆိုချက်အရ သိရသည်။

သထုံမြို့နယ်တွင် နစကကောင်စီ လက်အောက်ခံဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စစ်ဆေးရေးဂိတ်များ မကြာခဏ တိုက်ခိုက်ခံရလေ့ရှိကြောင်း သိရသည်။

Topics; #သထုံမြို့နယ် #စစ်ဆေးရေးတိုးဂိတ် #လက်နက်ကြီး #နစကကောင်စီ

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts