မွန်သတင်းအေဂျင်စီ (၂၀၂၂ စက်တင်ဘာ ၄)
ပေါင်မြို့နယ်ထွေအုပ်ရုံးနှင့် မြို့မရဲစခန်းအကြား ယမန်နေ့ညဦးပိုင်းက ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာပြီး ဗုံးတစ်မျိုးမျိုး (သို့မဟုတ်) လက်နက်ကြီးပေါက်ကွဲသံဖြစ်နိုင်သည်ဟု ယူဆပြောဆိုနေကြသည်။
အခင်းဖြစ်ပွားရာသို့ လုံခြုံရေးအရ သွားရောက်ကြည့်ရှုရန် မဖြစ်နိုင်သောကြောင့် ပေါက်ကွဲမှုနှင့်ပတ်သက်ပြီးထိခိုက်ပျက်စီးမှုအခြေအနေကို မသိရကြောင်း မြို့ခံတစ်ဦးက ပြောသည်။
“ အသံကအတော်ကျယ်တယ်၊ ရဲစခန်းနဲ့ ထွေအုပ်ရုံးကြာအနောက်ဘက်မှာ ပေါက်ကွဲသွားတယ်။” ဟု ၎င်းကပြောသည်။
ယင်းဖြစ်စဥ်သည် ဗုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရကြောင်း မြို့ခံတချို့က ယူဆပြောဆိုသော်လည်း မွန်သတင်းအေဂျင်စီက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ပေါင်မြို့ပေါ်ရပ်ကွက်များတွင် လုံခြုံရေးတင်းကြပ်ထားပြီး လမ်းသွားလမ်းလာပြည်သူများကို ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အလားတူ ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီး ဘေးရှိ ပေါင်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး ဩဂုတ်လ ၂၈ ရက်ည ၆ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သော်လည်း တစုံတရာထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း သတင်းများက ဖော်ပြသည်။