Homeသတင်းဇင်းကျိုက်မြို့ ဆားဖိုရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဝင်းနှင့် ရုံးရှေ့တွင် ဗုံးပေါက်ကွဲ ပြည်သူတစ်ဦး ထိမှန်

ဇင်းကျိုက်မြို့ ဆားဖိုရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဝင်းနှင့် ရုံးရှေ့တွင် ဗုံးပေါက်ကွဲ ပြည်သူတစ်ဦး ထိမှန်

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဩဂုတ် ၃၀)

ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ ဆားဖိုရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဝင်းနှင့် ရုံးရှေ့တွင် ဩဂုတ် ၃၀ ရက် ည ၈ နာရီခွဲခန့်က လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပြည်သူတစ်ဦး ထိမှန်ခဲ့ကြောင်း ဒေသခံတွေထံမှ သိရသည်။

ဆားဖိုရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဝင်းရှေ့တွင် လက်လုပ်ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှ  လာရောက်စစ်ဆေးခဲ့ရာတွင် ရုံးလှေခါးအောက်မှာ နောက်ထပ်မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးကို ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါဗုံးကို ရှင်းလင်းပြီးနောက် ၉ နာရီ ၁၅ မိနစ်ခန့်မှာ အုပ်ချုပ်ရေးမှူးရုံးရှေ့ ဓါတ်မီးတိုင်းအနားတွင်  နောက်ထပ်ဗုံးတစ်လုံး ထပ်မံပေါက်ကွဲခဲ့ရာ ယင်းအနီးမှာ ရှိနေသည့် ဒေသခံအမျိုးသားတစ်ဦးကို ထိမှန်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

“ပထမဗုံးပေါက်လို့ စစ်သားတွေလာတာ ရုံးရှေ့မှာ ဗုံးတစ်ပေါက်ထပ်တွေ့တော့ ရှင်းသွားတယ်၊ သူတို့ပြန်ပြီး ခဏအကြာမှာ အရှေ့က ဓါတ်မီးတိုင်အောက်နားက ဗုံးထပ်ပေါက်တော့ အဲမှာ ရှိနေတဲ့ ရွာက အမျိုးသားတစ်ဦးရဲ့ ခေါင်းကို ထိသွားတာ။ ဘယ်သူက ဗုံးလာထောင်သွားလည်းတော့ မသိဘူး” ဟု ၎င်းက ပြောသည်။

ဗုံးစထိမှန်ခဲ့သူမှာ အသက် ၅၃ နှစ်အရွယ် ဦးသိန်းဖြစ်ပြီး ၎င်းကိုတော့ ပေါင်မြို့ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ ၎င်းက ပြောသည်။

ထို့နောက် လုံခြုံရေးတပ်ဖွဲ့များမှ သေနတ်ပစ်ဖောက်ခြောက်လှန့်မှု လုပ်ဆောင်ခဲ့ပြီး လမ်းသွားလမ်းလာပြည်သူတချို့ကို ဖမ်းဆီးခဲ့ပေမယ့် ဖမ်းဆီးခံရတဲ့လူဦးရေအရေအတွက်ကို‌တော့ မွန်သတင်းအေဂျင်စီအနေနဲ့ သီးခြားအတည်ပြုပေးနိုင်ခြင်းမရှိပါ။

ဩဂုတ်လ ၂၈ ရက်နေ့မှာလည်း ပေါင်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးကို အမည်မသိလူတစ်စုက အဝေးထိန်းဗုံးနှင့် လာရောက်ဖောက်ခွဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Topics; #ပေါင်မြို့နယ် #အုပ်ချုပ်ရေးမှူးရုံး #ဗုံးပေါင်ကွဲ  #ဖမ်းဆီးခံရ

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts