Homeသတင်းရေးတောင်ပိုင်းတွင် အမည်မသိမွန်လက်နက်ကိုင်အဖွဲ့က ရွာသားတစ်ဦးကိုဖမ်းဆီးရိုက်နှက်ညှင်းပမ်း၍ ငွေအတင်းအဓမ္မတောင်းခံသွား

ရေးတောင်ပိုင်းတွင် အမည်မသိမွန်လက်နက်ကိုင်အဖွဲ့က ရွာသားတစ်ဦးကိုဖမ်းဆီးရိုက်နှက်ညှင်းပမ်း၍ ငွေအတင်းအဓမ္မတောင်းခံသွား

-

မွန်သတင်းအေဂျင်စီ (၂၅ ဇူလိုင် ၂၀၂၂)

ရိုက်နှက်ညှင်းပမ်းခံရသူ နိုင်ချွဲ

အမည်မသိမွန်လက်နက်ကိုင်အဖွဲ့က မွန်ပြည်နယ် ရေးတောင်ပိုင်း ရင်းရဲကျေးရွာအုပ်စု ရင်းဒိန်းရွာသို့ ယမန်နေ့ညနေပိုင်းအချိန် ရောက်ရှိလာပြီး ရွာသားတစ်ဦးကို ဖမ်းဆီးရိုက်နှက်ညှင်းပမ်း၍ ငွေအတင်းအဓမ္မတောင်းခံယူဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။

အင်အား ၆ ယောက်ခန့်ရှိသည့် ဘက်တံဆိပ်မပါ စစ်ယူနီဖောင်းဝတ် မွန်လက်နက်ကိုင်အဖွဲ့က ဇူလိုင် ၂၄ ညပိုင်းတွင် ရင်းရဲရွာသို့ဝင်ရောက်လာပြီး နိုင်ချွဲ အသက် (၅၇) နှစ်ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ နိုင်ချွဲ ရိုက်နှက်ညှင်းပမ်းနှိပ်စက်ခံရသဖြင့် ခန္ဓာတစ်ကိုယ်လုံးနေရာအနှံ့ ဒဏ်ရာရရှိခဲ့ကြောင်း၊ နိုင်ချွဲထံမှ ငွေ ၁၀ သိန်းတောင်းသော်လည်း ချက်ချင်းပေးဆောင်ရန်ငွေမရှိသဖြင့် အိမ်နီးနားချင်းများထံမှ အရေးပေါ်ချေးယူ၍ ငွေသား ၂ သိန်းတိတိ အဆိုပါလက်နက်ကိုင်အဖွဲ့ကို ပေးဆောင်လိုက်ရကြောင်း သိရသည်။

အဆိုပါအမည်မသိလက်နက်ကိုင်အဖွဲ့ အင်အား ၅-၆ ယောက်ခန့် ရင်းရဲရွာသို့ ဝင်ရောက်လာကြောင်း ရေးတောင်ပိုင်းသို့ရောက်ရှိနေသော မွန်ပြည်သစ်ပါတီ အရာရှိတစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

သို့ရာတွင် အင်အား ၃၀ ကျော်ရှိ အမည်မသိမွန်လက်နက်ကိုင်အဖွဲ့ ရင်းရဲရွာသို့ ဝင်ရောက်၍ မူးယစ်ဆေးဝါးရောင်းချသူများကို ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း လူမှုကွန်ယက်စာမျက်နှာတချို့က မွန်ဘာသာဖြင့် ရေးသားနေသည်ကို တွေ့ရသော်လည်း အဆိုပါလက်နက်ကိုင်အရေအတွက်ကို မွန်သတင်းအေဂျင်စီက သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts