Homeသတင်းမော်လမြိုင်မြို့နယ်အတွင်း စက်သုံးဆီဆိုင်များ ခွဲတမ်းစနစ်ဖြင့် ရောင်းချ

မော်လမြိုင်မြို့နယ်အတွင်း စက်သုံးဆီဆိုင်များ ခွဲတမ်းစနစ်ဖြင့် ရောင်းချ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇွန် ၆)

မော်လမြိုင်မြို့နယ်အတွင်း စက်သုံးဆီအရောင်းဆိုင်များ ခွဲတမ်းစနစ်ဖြင့် ရောင်းချနေကြောင်း သိရသည်။

စက်သုံးဆီ ပြတ်လပ်နိုင်သည့်အနေအထားမရှိ‌သေးသော်လည်း ခွဲတမ်းစနစ်ဖြင့် ရောင်းချနေကြောင်း စက်သုံးဆီအရောင်းဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ဆိုင်ကယ်တွေကိုတော့ လိုသလောက်ထည့်ပေးနိုင်တယ်။ တစ်ချို့ကား‌တွေ၊ ကားကြီးတွေကျတော့ အပြည့်ထည့်ပေးဖို့ ချိန်ရတာပေါ့။ အပြည့်မဖြည့်ပေးနိုင်တဲ့ ရက်တွေလည်းရှိတယ်။ ခွဲပြီး ရောင်းပေးနေရတာပေါ့”ဟု ၎င်းက ပြောသည်။

ဆိုင်ကယ်နှင့် အိမ်စီးကားများအတွက် လိုအပ်သလောက် စက်သုံးဆီကို ရောင်းချပေးနိုင်ရန် ဆောင်ရွက်နေကြောင်း ၎င်းက ဆက်ပြောသည်။

ယနေ့ (ဇွန် ၆ ရက်‌)တွင် စက်သုံးဆီဈေးနှုန်း ၉၅ တစ်လီတာ ၂၃၃၀ ကျပ်၊ ၉၂ တစ်လီတာ ၂၂၄၀ ကျပ်၊ ဒီဇယ် တစ်လီတာ ၂၅၄၅ ကျပ် နှင့် ပရီမီယမ် တစ်လီတာ ၂၅၇၅ ကျပ် ဈေးရှိကြောင်း သိရသည်။

စက်သုံးဆီအရောင်းဆိုင်တစ်ချို့သည် နေ့တစ်ပိုင်းအထိသာ ဆီရောင်းချပေးနေကြောင်း ဆိုင်ကယ် taxi မောင်းသူ တစ်ဦးက ပြောသည်။

“ဆီဈေးတွေပြန်တက်လာပြီးတော့မှ ဆီမရတာတွေ ဖြစ်တာပဲ။ ၉၅ ကုန်လို့ မြို့ထဲက ဆီဆိုင်တွေအများကြီး ပတ်ရှာလိုက်ရတယ်။ တစ်ချို့ဆိုင်တွေက နေ့တစ်ဝက်နဲ့ ပိတ်သွားတော့ ဆီထည့်ဖို့ကို ရှာလိုက်ရတယ်”ဟု ၎င်းက ပြောသည်။

စက်သုံးဆီဆိုင်များတွင် ခွဲတမ်းစနစ်ဖြင့် ရောင်းချပေးနေသောကြောင့် လိုအပ်သ‌လောက် ဝယ်မရသည့်အပြင် အချိန်အကြာကြီး တန်းစီကာ စောင့်ဆိုင်းရကြောင်း ၎င်းက ဆက်ပြောသည်။

နစက ကောင်စီက စက်သုံးဆီ ပြတ်လပ်မည် မဟုတ်ကြောင်း သတင်းထုတ်ပြန်ထားပြီး ဆီသိုလှောင်ကန်များတွင် အရံဆီ ဇွန်လ ၁၆ ရက်အထိ ရှိနေသေးကြောင်း နစက ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန် ၁ ရက်က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts