Homeသတင်းမွန်ပြည်နယ်တွင် HIV လူနာများ ဆေးဝါး ရရှိရန် ခက်ခဲ

မွန်ပြည်နယ်တွင် HIV လူနာများ ဆေးဝါး ရရှိရန် ခက်ခဲ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ မတ်လ ၂၆)

မွန်ပြည်နယ်အတွင်း HIV လူနာများ ဆေးဝါး ရယူရန်နှင့် ထောက်ပံ့ပစ္စည်းများ ရရှိရန်အတွက် အခက်အခဲရှိနေကြောင်း HIV အရေး ကူညီနေသူများထံက သိရသည်။

နစက‌ ကောင်စီ လက်ထက်တွင် အသိပညာပေးမှု အပိုင်း၊ ကာကွယ်ရေးပစ္စည်း ထောက်ပံ့ရေးနှင့် ဆေးဝါး ပို့ဆောင်ပေးရာတွင် အခက်အခဲများ ရှိနေကြောင်း ဆက်ပြောသည်။

“သွားလာရခက်ခဲတဲ့နေရာတွေ၊ လာမယူနိုင်တဲ့သူတွေအတွက် အိမ်ထိပို့ပေးတာတွေ လုပ်ပေးခဲ့တာပေါ့။ အခုက နိုင်ငံရေးအခြေအနေမကောင်းတာ၊ ပြီးရင် သွားလာရခက်ခဲတယ်။ ကျွန်တော်တို့ အရမ်း စစ်ဆေးတာ ခံရတယ်။ မလုံခြုံဘူး။ အသိပညာပေးဖို့အတွက် လုပ်ခွင့်မရဘူး”ဟု ၎င်းက ပြောသည်။

HIV လူနာတွေအတွက် ဆေးဝါး အလုံအလောက် မရသောကြောင့် ဆေးပျက်သည့် အခြေအနေများ ကြုံတွေ့လာရကြောင်း ၎င်းက ဆက်ပြောသည်။

ထို့ပြင် ဆေးပျက်သောကြောင့် ရောဂါ ပြင်းထန်သူ တစ်ချို့ အသက်ဆုံးရှုံးမှုများ ရှိလာကြောင်း သိရသည်။

ရောဂါ ကူးစက်ခံရသူ အများစုမှာ လူငယ်လူရွယ်များ ဖြစ်နေသည်ကို တွေ့ရကြောင်း HIV နှင့် လိင်လုပ်သားအရေး ကူညီနေသူ တစ်ဦးက ပြောသည်။

“လူငယ်တွေကို အမြဲအသိပညာပေးတာတွေ ထောက်ပံ့တာတွေ လုပ်တယ်။ နောက်ပြီး အခုက လူနာတွေကိုယ်တိုင် ဆေးလာထုတ်ဖို့လည်း အခက်အခဲရှိတယ်၊ ပို့ပေးဖို့လည်း အခက်အခဲရှိတဲ့ အခြေအနေဖြစ်နေတယ်။ အစစ်ဆေးလည်း အရမ်းများတယ်”ဟု ၎င်းက ပြောသည်။

အသိပညာပေးခြင်းနှင့် အကာအကွယ်ပစ္စည်းများ မထောက်ပံ့နိုင်သောကြောင့် ရောဂါ ကူးစက်မှုနှုန်းများလည်း မြင့်တက်လာခဲ့ကြောင်း သိရသည်။

အသိပညာပေးမှု အပါအဝင် အကာအကွယ် ပစ္စည်းနဲ့ ကုသရေးဆေးဝါးတွေ အပြည့်အဝ မထောက်ပံ့နိုင်တာကြောင့် HIV ရောဂါကူးစက်မှုနှုန်း မြင့်တက်လာတယ်လို့ HIV အရေး ကူညီနေသူတွေက ပြောပါတယ်။

မွန်ပြည်နယ်အတွင်း HIV ရောဂါ ကူးစက်ခံရ‌ သောကြောင့် ART ဆေး သောက်သုံးနေသူ ၅၀၀၀ ကျော် ရှိကြောင်း သိရသည်။

ဓါတ်ပုံ – ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လှုံ့ဆော်မှု (၂၀၂၀)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts