Homeသတင်းထိုင်းနိုင်ငံထုတ် ရသေ့ဆေးတွင် စတီးရွိုက်များစွာပါဝင်နေ၍ သုံးစွဲရန်မသင့်ဟု ထုတ်ပြန်

ထိုင်းနိုင်ငံထုတ် ရသေ့ဆေးတွင် စတီးရွိုက်များစွာပါဝင်နေ၍ သုံးစွဲရန်မသင့်ဟု ထုတ်ပြန်

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ မတ်လ ၂၅)

မြန်မာနိုင်ငံရှိ အနုပညာရှင်အချို့ ကြော်ငြာပေးနေသည့် ထိုင်းနိုင်ငံထုတ် ရသေ့ဆေး (သို့) ထိုင်းဗိန္တောဆေးတွင် ကလီစာကို ထိခိုက်စေနိုင်သည့် စတီရွိုက်များစွာပါဝင်နေသည့်အတွက် သုံးစွဲရန်မသင့်ကြောင်း ထိုင်းနိုင်ငံ ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

ရသေ့ဆေး ထုတ်လုပ်သည့် စက်ရုံကို ထိုင်းနိုင်ငံရဲတပ်ဖွဲ့နှင့် FDA တာဝန်ရှိသူများ ဝင်ရောက်စစ်ဆေးခဲ့ရာ ဆေးရည်ပုလင်း တစ်ပုလင်းတွင် စတီးရွိုက်ဆေးပြား အပြား ၇၀နှင့် အကိုက်အခဲပျောက်ဆေးပြား အပြား ၃၀ ထိ ထည့်သွင်းထားကြောင်း ထိုင်းနိုင်ငံသတင်းများတွင်‌ ဖော်ပြချက်အရ သိရသည်။

စတီးရွိုက်များစွာပါဝင်သည့်အတွက် လူကိုဆေးစွဲစေပြီး ဆေးဖြတ်လိုက်လျင် ဆေးဒဏ်ကြောင့် ကျန်းမာရေး ခြူခြာခြင်း၊ ဆေးစွဲသောက်ခြင်းကြောင့် အူကလီစာပျက်စီးခြင်းနှင့် ဖောရောင်ခြင်းများ ဖြစ်နိုင်ကြောင်း မော်လမြိုင်မြို့မှ ဒေါက်တာ သက်ကျော်စိုးက ဆိုသည်။

“အခုဆေးမှာ ထည့်ထားတဲ့ ပမာဏရဲ့ ဆယ်ပုံ တစ်ပုံပဲ ထည့်ဦး အဲဒီဆေးက လူကို စွဲသွားစေတယ်။ စတီးရွိုက်ရဲ့ သက်ရောက်မှုက ဆေးကိုစွဲသွားတယ်။ ဖြတ်လို့မရတော့ဘူး။ ဆေးသောက်ထားရင် နေလို့ကောင်းတယ်။ နာတာ ကိုက်တာမရှိဘူး။ အဲဒါက ပထမအချက်။ ဆေးရဲ့ ဆိုးကျိုးတွေအနေနဲ့ နောက်ပိုင်းမှာ မျက်နှာတွေ ဖောလာမယ်။ ဝလာမယ်။ ပြီးရင်အသည်းတွေ ကျောက်ကပ်တွေ နှလုံးတွေ အကုန်ပျက်စီးမယ်၊ ကျောက်ကပ်လိုမျိုး ထိသွားရင် နာတာရှည်ဖြစ်သွားမယ်။ ပြန်ကုလို့တောင် ရမှာမဟုတ်တော့ဘူး”ဟု ‌ဒေါက်တာ သက်ကျော်စိုးက ပြောသည်။

အဆိုပါ ဆေးများကို လူမှုကွန်ရက်စာမျက်နှာမှ ထိုင်းရောက်မြန်မာအချို့က မြန်မာနိုင်ငံကို တင်ပို့ရောင်းချနေပြီး ရောင်းအားကောင်းသည့် ပစ္စည်းဆေးတစ်မျိုးဖြစ်ကာ ဆေးအညွှန်းတွင် နို့တိုက်မိခင်နှင့် ကိုယ်ဝန်ဆောင်များ ‌သောက်သုံးရန်မသင့်ကြောင်းနှင့် ဆေးကို စွဲမသောက်ရန် ရေးသားထားသည်။

ဆေးရည်အမျိုးအစားဖြစ်ပြီး အစာစားပြီးတိုင်း တစ်နေ့ နှစ်ကြိမ်သောက်ရမည်ဖြစ်ပြီး ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်ရောဂါရှိသူများကို ၁၅ ရက်ထက် ပိုမသောက်ရန် အွန်လိုင်းတွင် ဆေးရောင်းချသူများက ပြောသည်။

အွန်လိုင်းပေါက်စျေးများအရ အဆိုပါ ရသေ့ဆေးရည် တစ်ဘူးလျင် မြန်မာငွေ ၆၀၀၀ကျပ်မှ ၁၀၀၀၀ကျော်အထိ ပေးဝယ်နေရသည်။

သို့ရာတွင် ဆေးတွင် စတီးရွိုက်ပမာဏပါဝင်နေပြီး လူ့အသက်အန္တရာယ်ရှိတာကြောင့် ထိုင်းအစိုးရက ဝင်ရောက်ဖမ်းဆီး ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ သတင်းများအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts