Homeသတင်းမိုးရွာသွန်းခဲ့သောကြောင့် ဆားကွင်းများ တတိယအကြိမ် ပျက်စီး

မိုးရွာသွန်းခဲ့သောကြောင့် ဆားကွင်းများ တတိယအကြိမ် ပျက်စီး

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ မတ် ၂၃)

မွန်ပြည်နယ်အတွင်း မတ်လ ၂၁ ရက်မှ ၂၃ရက် မနက်ပိုင်းအထိ မိုးရွာသွန်းခဲ့သောကြောင့် မိုးရေဝင်ကာ နေလှန်းဆားကွင်းများ ပျက်စီးခဲ့ရကြောင်း ‌ဆားတောင်သူများထံက သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း၌လည်း အချိန်အခါမဟုတ် ဆားဖျက်မိုး ရွာသွန်းခဲ့သောကြောင့် ဆားပိဿာချိန် ထောင်နှင့်ချီ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဆားတောင်သူ ဦးကျော်သူက ပြောသည်။

“ဒီနှစ် တစ်နှစ်က ဘယ်လိုမှ အဆင်မပြေဘူး တစ်လပိုင်းလည်း မိုးဖျက်တယ်။ နှစ်လပိုင်းလည်း မိုးဖျက်တယ်။ သုံးလပိုင်းလည်း မိုးဖျက်တယ်။ သုံးကြိမ်လောက်ပျက်တယ် အခုက။ အဲဒါကြောင့် ဘာနဲ့မှ လုပ်စားလို့ အဆင်မပြေတော့ဘူး” ဟု ၎င်းက ပြောသည်။

ယခုနှစ်တွင် ဆားကွင်းလုပ်ကိုင်သည့် ဆားတောင်သူများ အရှုံးပေါ်သည့် နှစ်ဖြစ်ပြီး ဆားကွင်းအားလုံး ပျက်စီးသွားကြောင်း ဦးကျော်သူက ပြောသည်။

ဖေဖော်ဝါရီလအတွင်း ဆားဖျက်မိုးကြောင့် ပျက်စီးသွားသော နေလှန်းဆားများကို ပြန်လည်ပြင်ဆင်နေသည့် အချိန်တွင် မိုးထပ်မံရွာသွန်းခဲ့သောကြောင့် ဆားကွင်းအားလုံး ထပ်မံပျက်စီးခဲ့ကြောင်း ဆက်ပြောသည်။

အချို့ တောင်သူများသည် ဆားကွင်းပြန်လည်ပြင်ဆင်ရန်အတွက် ငွေကြေးအခက်အခဲများနှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း ဆားတောင်သူထံမှ သိရသည်။

ဆားတောင်သူများအတွက် ဆုံးရှုံးမှု‌များပြီ ဆားအထွက်နှုန်းလည်း လျော့ကျမည်ဖြစ်ကြောင်း သံဖြူဇရပ်မှ ဆားတောင်သူ တစ်ဦးက ပြောသည်။

“ကျွန်တော်ဆို တော်တော်ရှုံးတယ်။ သိန်းထောင်နဲ့ ချီရှုံးတယ်။ အဲဒါကြောင့် ဘာမှကို ပြောမနိုင်တော့ဘူး”ဟု ၎င်းက ပြောသည်။

နှစ်စဉ် ဖေဖော်ဝါရီလနှင့် မတ်လသည် ဆားထွက်ရာသီဖြစ်သော်လည်း ဆားဖျက်မိုးကြောင့် နောက်ကျနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မွန်ပြည်နယ်အတွင်း နေလှန်းဆားကို ရေးမြိုနယ်၊ သံဖြူဇရပ်နှင့် ပေါင်မြို့နယ်တို့တွင် အဓိက ထုတ်လုပ် လုပ်ကိုင်နေကြသည်။

ဓါတ်ပုံ – နေလှန်းဆားကွင်း ပြင်ဆင်နေပုံ

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts