Homeသတင်းရေးမြို့နယ်တွင် လျှပ်စစ်မီတာခ တစ်ယူနစ် ၉၀၀ ကျပ်ထိ မြင့်တက်

ရေးမြို့နယ်တွင် လျှပ်စစ်မီတာခ တစ်ယူနစ် ၉၀၀ ကျပ်ထိ မြင့်တက်

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ မတ်လ ၈)

မွန်ပြည်နယ် ရေးမြို့နယ်တွင် လျှပ်စစ်မီတာခကို မတ်လကစပြီး တစ်ယူနစ်ကို ၉၀၀ ကျပ် ကောက်ခံမည်ဖြစ်‌‌ကြောင်း ရေးမြို့နယ် မီးလင်းရေးကော်မတီထံက သိရသည်။

ပြည်နယ်အတွင်း စက်သုံးဆီဈေးနှုန်း တစ်လီတာ ၂၀၀၀ ကျော်ထိ မြင့်တက်လာခဲ့သောကြောင့် မတ်လမှ စတင်ကာ မီတာခကို တိုးမြင့်ကောက်ခံရခြင်းဖြစ်ကြောင်း ရေးမြို့နယ် မီးလင်းရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ကျွန်တော်တို့က အဓိကက စက်သုံးဆီသုံးပြီး လည်ပတ်နေရတာပါ။ အခုချိန်က စက်သုံးဆီဈေးလည်း တစ်လီတာ ကို ၂၀၀၀ ကျော်တတ်နေတော့ ကျွန်တော်တို့ မီတာခကို ၉၀၀ကျပ် တိုးကောက်လိုက်တာပါ”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း မီတာခ တစ်ယူနစ်ကို ၈၀၀ကျပ် ကောက်ခံခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း ရေးမြို့နယ်တစ်ခုသာ ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရောင်းချနေသည့် အခြေအနေဖြစ်ကြောင်း သိရသည်။

လျှပ်စစ်မီတာခ‌ ဈေးတက်လာသောကြောင့် လျှပ်စစ်မီးအသုံးပြုရန် ငွေကြေးအခက်အခဲဖြစ်လာကြောင်း ဒေသခံ အိမ်ရှင်မ တစ်ဦးက ပြောသည်။

“တစ်ယူနစ် ၆၀၀ တုန်းက စီးပွားရေးတွေက အဆင်ပြေသေးတော့ ပေးနိုင်သေးတယ်။ အခုက ဒီနိုင်ငံရေးအခြေအနေနဲ့ ခြံထဲလည်းကောင်းကောင်းမသွားရဲ အလုပ်အကိုင်ကျလည်း အရင်လောက် မကောင်းဘူး။ အခုထပ်တက်တယ် ၉၀၀ တောင်ဆိုတော့ ကျွန်မတို့အတွက် ခက်ခဲတာပေါ့”ဟု ၎င်းက ပြောသည်။

လျှပ်စစ်မီးကို ချွေတာ အသုံးပြုနေသော်လည်း တစ်လလျှင် တစ်သောင်းမှ သုံးသောင်းထိ ပေးသွင်းနေရဆဲဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ရေးမြို့နယ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် မဟာဓာတ်အားလိုင်း သွယ်တန်းပေးရန် ဆောင်ရွက်ထားခဲ့သော်လည်း ကိုဗစ်အခြေအနေများကြောင့် စီမံကိန်းရပ်နားထားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အောက်တိန်း 92 တစ်လီတာ ၂၁၉၀ ကျပ် ၊ အောက်တိန်း 95 တစ်လီတာ ၂၃၀၅ ကျပ်၊ ဒီဇယ် တစ်လီတာ ၂၃၉၀ ကျပ် နှင့် ပရီမီယမ် တစ်လီတာ  ၂၄၀၅ ကျပ် ဈေးမြင့်တက်လာခဲ့သည်။

အိမ်သုံးလျှပ်စစ်မီတာ

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts