Homeသတင်းမွန်ညီညွတ်ရေးပါတီ ညီလာခံ မတ်လတတိယအပတ်တွင် ကျင်းပမည်

မွန်ညီညွတ်ရေးပါတီ ညီလာခံ မတ်လတတိယအပတ်တွင် ကျင်းပမည်

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ မတ်လ ၇)

မွန်ညီညွတ်ရေးပါတီ (MUP) ၏ ပထမဆုံးအကြိမ် ညီလာခံကို မတ်လတတိယအပတ်တွင်  ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ယင်းညီလာခံကို မတ်လ (၁၈) ရက်မှ (၂၀) ရက်နေ့အထိ မော်လမြိုင်မြို့တွင် ကျင်းပရန် လျာထားကြောင်း MUP မှ ပြောခွင့်ရသူ နိုင်တလညီက မွန်သတင်းအေဂျင်စီကို ပြောသည်။

“ဒီပါတီညီလာခံက ပါတီတည်ဆောက်ရေးလုပ်ငန်း အဓိကဆွေးနွေးသွားဖို့ ရှိတယ်။ ပါတီမူဝါဒတွေလည်း ဆွေးနွေးရမယ့်အထဲမှာ ပါတာပေါ့လေ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မြို့နယ်အသီးသီး ပါတီအစည်းအဝေးများ မတ်လ (၈) ရက်နေ့ မတိုင်မီ အပြီးသတ်ရန် ပါတီမှ ညွှန်ကြားထားပြီး မြို့နယ်ကိုယ်စားပြု ဗဟိုကော်မတီဝင်နှင့် ညီလာခံကိုယ်စားလှယ်များကို ရွေးချယ်နေကြကြောင်း သိရသည်။

ပါတီကိုယ်စားပြုမှုတွင် မူဝါဒအရ အမျိုးသမီးနှင့် လူငယ်တို့၏ ပါဝင်မှု (၃၀) ရာခိုင်နှုန်းအထိ ပါဝင်နိုင်ရန် ပါတီက တိုက်တွန်းထားသော်လည်း မြေပြင်အနေအထားတွင် ပါဝင်မှုရာခိုင်နှုန်း နည်းပါးနေကြောင်း လူငယ်ရေးရာကော်မတီ၊ ပါတီဗဟိုအလုပ်အမှုဆောင် မိစန္ဒာနွန်က ပြောသည်။

“အမျိုးသမီးပါဝင်မှုက အရင်ကော်မတီထက်တော့ ပိုများတယ်လို့ သတင်းရထားတယ်။ မြို့နယ်အလုပ်အမှုအဆောင်မှာတော့ အမျိုးသမီးတွေ ပါဝင်မှုက အရင်ကထက် ပိုများလာတယ်။ ဒါပေမယ့် ဖြစ်စေချင်နေတဲ့ အနည်းဆုံး (၃၀) ရာခိုင်နှုန်း၊ အဲဆင့်အထိတော့ မဖြစ်သေးဘူး။ သိရသလောက်တော့ အတန်သင့်တော့ ပါဝင်လာတယ်” ဟု ၎င်းက ပြောသည်။

ယခုပါတီညီလာခံတွင် ပါတီဦးဆောင်သူအဆင့်အဆင့်ကို အဓိကထား ရွေးချယ်တင်မြှောက်ရမည်ဖြစ်ပြီး လက်ရှိတွင် ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြင့် အရွေးချယ်ခံခဲ့ရသူ ဒေါက်တာနိုင်လှအောင်အား ပါတီ၏ ယာယီဥက္ကဋ္ဌအဖြင့် တင်မြှောက်ထားသည်။

MUP သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လွှတ်တော်ကိုယ်စား (၁၂) နေရာအထိ မဲနိုင်ခဲ့သော အင်အားကြီး တိုင်းရင်းသားပါတီတစ်ခု ဖြစ်ခဲ့သည်။

တပ်မ‌တော်မှ အာဏာရယူပြီးနောက် နစကကောင်စီ၏ အဖွဲ့အဆင့်ဆင့်တွင် MUP က တာဝန်ယူရန် ဗဟိုကော်မတီအစည်းအဝေးက ဆုံးဖြတ်ခဲ့ပြီး နောက်ပိုင်း ပါတီထိပ်ပိုင်းခေါင်းဆောင်အချို့အပါဝင် ပါတီဝင်များ ပါတီမှ နှုတ်ထွက်ကာ မွန်ရေးရာအဖွဲ့အနေဖြင့် မွန်အမျိုးသားရေးဆိုင်ရာလှုပ်ရှားနေကြကြောင်းလည်း သိရသည်။

 မြို့နယ်အဆင့် ပါတီအစည်းအဝေး (MUP-Mudon)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts