Homeငြိမ်းချမ်းရေးယမ်းသုံးစွဲခွင့် မရသောကြောင့် ကျောက်မိုင်းလုပ်ငန်း ၈၀ ရာခိုင်နှုန်းကျော်ရပ်နား

ယမ်းသုံးစွဲခွင့် မရသောကြောင့် ကျောက်မိုင်းလုပ်ငန်း ၈၀ ရာခိုင်နှုန်းကျော်ရပ်နား

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇန်နဝါရီ ၂၅)

မွန်ပြည်နယ်အတွင်း ကျောက်မိုင်းလုပ်ငန်းများကို ယမ်းသုံးစွဲခွင့်မပြုသောကြောင့် ကျောက်မိုင်းလုပ်ငန်း (၈၀) ရာခိုင်နှုန်းကျော် ရပ်နားထားကြောင်း ကျောက်မိုင်းလုပ်ငန်းရှင်များထံက သိရသည်။

နစက ကောင်စီက ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဧပြီလမှ စတင်ကာ ကျောက်မိုင်းလုပ်ငန်းများတွင် ယမ်းသုံးစွဲမှုများကို စတင်ကန့်သတ်လာခဲ့ခြင်းဖြစ်ကြောင်း ပေါင်မြို့နယ်မှ ကျောက်မိုင်းလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“ယမ်းက အလွယ်တကူ မရတော့ ကျနော်တို့ အလုပ်က ဆက်လုပ်လို့ မရဘူး ဖြစ်နေတယ်။ ထွေအုပ်ကိုတော့ တင်ထားတယ်။ ဒါပေမယ့် မရသေးဘူး။ တစ်ယောက်မှ မရသေးဘူး။ လုပ်ငန်းတွေက တစ်ဖြည်းဖြည်း ရပ်လာကြတာပေါ့။ အခုဆို (၈၀) ရာခိုင်နှုန်းလောက်ထိ ရပ်သွားကြပြီ”ဟု ၎င်းက ပြောသည်။

ယမ်း သုံးစွဲခွင့်ကို ကျောက်မိုင်းလုပ်ငန်းရှင်များက သက်ဆိုင်ရာဌာနကို တင်ပြထားသော်လည်း အကြောင်းပြန်လာခဲ့ခြင်း မရှိသေးကြောင်း ၎င်း ပြောသည်။

မွန်ပြည်နယ်အတွင်း ကျောက်မိုင်းလုပ်ငန်း ၁၄၀ ကျော်ရှိပြီး သစ်တောဦးစီးဌာနက  လိုင်စင်ထုတ်ပေးထားသည့် လုပ်ငန်း ၂၄ခု ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လိုင်စင်ထုတ်ပေးထားသည့် ကျောက်မိုင်း ၁၀၀ ကျော် ရှိကြောင်း သိရသည်။

ကျောက်မိုင်းလုပ်ငန်းများ ရပ်နားထားရသည့်အတွက် မိုင်းလုပ်သားများ စာဝတ်နေရေး အခက်အခဲရှိလာကြောင်း မုတ္တမမှ ကျောက်မိုင်းလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“လက်ရှိတော့ နိုင်သလောက်ပေါ့။ ကျနော့် အလုပ်သမားတွေကို ထောက်ပံ့ပေးနေတာပေါ့။ လုပ်ငန်းတွေမှာ အရင်လို ယမ်းသုံးစွဲခွင့် မကျလာဘူးဆိုရင်တော့ ကျနော်တို့လည်း ဆက်ပြီး တောင့်ခံနိုင်မှာ မဟုတ်ဘူး”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မွန်ပြည်နယ်အတွင်း ရပ်နားထားခြင်း မရှိသေးသည် လုပ်ငန်းပေါင်း ၂၀ကျော်သာ ကျန်ရှိနေကြောင်း သိရသည်။

မွန်ပြည်နယ်တွင် ကျောက်မိုင်းလုပ်ငန်းကို ဇင်းကျိုက်မြို့နယ်၊ ရင်းငြိမ်၊ ပေါင်မြို့နယ်နှင့် သထုံမြို့နယ်တို့တွင် အဓိက လုပ်ကိုင်ကြကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts