HomeCovid 19ရွာလွတ် အမက ကျောင်းသူ/သား ၅ ဦး ကိုဗစ်ရောဂါပိုးတွေ့ရှိ

ရွာလွတ် အမက ကျောင်းသူ/သား ၅ ဦး ကိုဗစ်ရောဂါပိုးတွေ့ရှိ

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ ဒီဇင်ဘာ ၂၁)

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ရွာလွတ် အမက (၁) တတိယတန်းကျောင်းသူ ၄ ဦး နှင့် စတုတ္ထတန်း ကျောင်းသား ၁ ဦးတွင် ဒီဇင်ဘာ ၁၈ ရက်နေ့က ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူက အတည်ပြုခဲ့သည်။


လက်ရှိတွင် ဒီဇင်ဘာ ၂၂ ရက်ထိ ကျောင်းကို ပိတ်ထားမည်ဖြစ်ပြီး အဆိုပါကျောင်းရှိ ဆရာမ များ နှင့် ကျောင်းသားများကို RTD ဖြင့် ဒုတိယအကြိမ်စစ်ဆေးမည် ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနက သိရသည်။

“ကျောင်းသူလေးက သူ့သူငယ်ချင်းကို အနံ့ပျောက်နေတယိဆိုပြီးပြောတော့ သူငယ်ချင်းက အတန်းပိုင်ဆရာမကို ပြောတယ်။ အတန်းပိုင်ဆရာမက ကျောင်းအုပ်ကိုပြောတော့ ရွာလွတ်ကျန်းမာရေးဌာနကို အကြောင်းကြားတာပေါ့။ စနေ့နေ့ကပေါ့။ ရွာလွတ်ကျန်းမားရေးမှူးက မြို့နယ်ကို အကြောင်းကြားပြီး RTD နဲ့ စစ်တော့ Positive တွေ့တယ်”ဟု ၎င်းက ပြောသည်။

ကျောင်းသူလေး၏ မိသားစုဝင် ၄ ဦးကို စစ်ဆေးရာ အဘွား ဖြစ်သူ နှင့် လေးတန်းကျောင်းသားဖြစ်သူ အကိုတွင်လည်း Positive တွေ့ခဲ့ကြောင်း ဆက်ပြောသည်။

မြိုနယ် ကိုဗစ်စစ်ဆေးရေးအဖွဲ့မှ ကျောင်းသူ၊ ကျောင်းသား ၄၄ ဦး နှင့် ဆရာမ ၇ ဦးတို့ကို RTD ထပ်မံစစ်ဆေးရာ ကိုဗစ်အတည်ပြုကျောင်းသူလေး၏ အတန်းဖော် ကျောင်းသူ ၃ ဦး နှင့် ကျောင်းသား ၁ ဦးတွင် တွေ့ရှိခဲ့ကြောင်း ထပ်ပြောသည်။

ကိုဗစ်အရေးကူညီပေးနေသည်အဖွဲ့မှ တာဝန်ရှိသူက “ရာဇဝင်လိုက်တော့ စဖြစ်တဲ့ ကျောင်းသူလေးရဲ့ အဖွားက မော်လမြိုင်ဆေးခန်းသွားတယ်။ ပုဂ္ဂလိက ဆေးခန်းသွားတယ်။ ‌ဈေးတွေ နေတိုင်းသွားတယ်ဆိုတော့ သူ့အဖွားကနေ ပါလာဖို့များတယ်။ သူအဖွားမှာပါလို့ အဲအိမ်က ကျောင်းသူ ကျောင်းသားမှာ တွေ့တယ်။ အဲကနေ တစ်ဆင့် ကျောင်းသား ၄ယောက် ထပ်ကူးတာပေါ့”ဟု ပြောသည်။

အဆိုပါ ကျောင်းသား ကျောင်းသူ ၅‌ ဦးကို ရွာလွတ် ကိုဗစ်ကုသဆောင်ကို ပို့ပြီး ဆေးကုသမှု ပေးနေကြောင်း ဆက်ပြောသည်။

ဆက်စပ်မိသားစုဝင်များ အပါအဝင် ၊ ဆရာမ ကျောင်းသူ၊ ကျောင်းသား ထိတွေ့သူ ၈၉ ဦး ကို ထပ်မံစစ်ဆေးရာ မတွေ့ရှိသောကြောင့် Home Quarantine ထားရှိထားကြောင်း၊ စစ်ဆေးမှု ရလဒ်အဖြေကို ကြည့်ပြီးမှသာ ကျောင်းပြန်ဖွင့်သင့်၊ မသင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း  သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ချောင်းဆုံမြို့နယ်တွင် ဒီဇင်ဘာ ၁၉ ရက်တစ်ရက်ထဲ ကိုဗစ်အတည်ပြုလူနာ ၈ ဦး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

မွန်ပြည်နယ်အတွင်း ဒီဇင်ဘာ ၂၀ရက်ထိ စာရင်းများအရ ကိုဗစ်ရောဂါဖြစ်ပွားသူ ၁၇၀၀၀ ဦးနီးပါး၊ သေဆုံးသူ ၁၄၀၀ ဦးနီးပါးရှိခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts