Homeသတင်းမြန်မာနိုင်ငံထွက်ဖရဲသီး ပြည်ပဈေးကွက် ဝယ်လိုအားကျဆင်း

မြန်မာနိုင်ငံထွက်ဖရဲသီး ပြည်ပဈေးကွက် ဝယ်လိုအားကျဆင်း

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ ဒီဇင်ဘာ ၁၂)

မြန်မာနိုင်ငံမှ ထွက်ရှိသော ဖရဲသီး ပြည်ပဈေးကွက်တွင် ဝယ်လိုအား ကျဆင်းနေကြောင်း ဖရဲစိုက်တောင်သူများက ပြောသည်။

ပြည်တွင်းဈေးကွက်တွင် ဝယ်လိုအား အနည်းငယ်ရှိနေသော်လည်း ပြည်ပဝယ်လိုအား လုံးဝမရှိကြောင်း၊ ပြည်ပဈေးကွက်တွင် အဓိက ဝယ်ယူနေသော တရုတ်နိုင်ငံမှ မြန်မာနိုင်ငံထွက် ဖရဲသီးကို ဝယ်ယူမှု ရပ်နားထားကြောင်း ဖရဲစိုက်တောင်သူတစ်ဦးက ပြောသည်။

“တရုတ်က ကုန်သွယ်ရေးစခန်းကို ပြန်ဖွင့်ပေမယ့် သူတို့ပြန်ဝယ်နေတဲ့ထဲမှာ ဖရဲမပါဘူး။ ပြည်တွင်းမှာလည်း ဖရဲက အရောင်းနည်းတယ်။ အခုဆို စိုက်စရိတ်ရဖို့ မနည်းရုန်း‌နေရတယ်”ဟု ၎င်းက ပြောသည်။

တရုတ်နိုင်ငံမှ ဝယ်ယူမှု ဆက်လက်ရပ်နားထားပါက ဖရဲစိုက်တောင်သူများ ဆက်လက်ရပ်တည်သွားရန် ခက်ခဲမည်ဖြစ်ကြောင်း ဆက်ပြောသည်။

ထို့အတူ ပြည်တွင်းဈေးကွက်၌လည်း ဖရဲသီး ဝယ်ယူမှုသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ဝယ်လိုအား ကျဆင်းကြောင်း ဖရဲစိုက်တောင်သူတစ်ဦးက ပြောသည်။

“ဆောင်းဝင်တာတဲ့အချိန်လည်း ဖြစ်တယ်။ နိုင်ငံရေးမတည်ငြိမ်တဲ့အချိန်ဆိုတော့ ပြည်တွင်းဈေးကွက်ထဲမှာတောင် အရင်နှစ်ကလောက် မရောင်းရဘူး။ အရင်နှစ်တွေကဆို ပွဲရုံကပဲ ဖုန်းဆက်ပြီး မှာနေတာ။ အခုက ကိုယ်တွေက ပွဲရုံကို လှမ်းဆက်သွယ်ပြီး အခြေအနေမေးနေရတယ်”ဟု ၎င်းက ပြောသည်။

ပြည်တွင်း၌ ဖရဲသီးအရွယ်အစားအလိုက် တစ်လုံး ၁၅၀၀ ကျပ် မှ ၄၀၀၀ ထိ ပေါက်ဈေးရှိကြောင်း ဆက်ပြောသည်။

မွန်ပြည်နယ်အတွင်း ဖရဲသီးကို မော်လမြိုင်၊ ကျိုက်မရော၊ ကျိုက်ထို၊ သထုံ နှင့် ပေါင်မြို့နယ်တို့တွင် စိုက်ပျိုးကြောင်း၊ ယခုနှစ်တွင် တစ်ဧကစိုက်ပျိုးစရိတ် ကျပ်၂၅ သိန်းအထက် ရှိကာ ယခင်နှစ်ထက် ကျပ် ခုနစ်သိန်းမှ ရှစ်သိန်းဝန်းကျင် ပိုမို ကုန်ကျကြောင်း ဖရဲစိုက်တောင်သူများထံမှ သိရသည် ။

ဖရဲစိုက်ပျိုးသူများသည် မြေအခြေအနေပေါ်မူတည်၍ စိုက်ပျိုးချိန်မှ ပြီးဆုံးသည့်အချိန်အထိ တစ်ဧက လျှင် မြေငှားခ ကျပ် ၅ သောင်းအထိ ပေး၍ မြေငှားရမ်းစိုက်ပျိုးနေရကြောင်း ၊ လုပ်အားပေါ်မူတည်၍ လူငှားခ တစ်လ ကျပ်တစ်သိန်းခွဲမှ နှစ်သိန်းခွဲအထိ ပေးရပြီး အလုပ်သမား ၆ ဦး ငှားရမ်းထားရကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts