spot_img
Sunday, May 19, 2024
More
    spot_img
    Homeငြိမ်းချမ်းရေးPR ကို ကျင့်သုံးတဲ့နေရာမှာ လူနည်းစုတိုင်းရင်းသားတွေရဲ့ ဆန္ဒကိုအလေးထားသင့်၊ နိုင်တလညီနှင့် ဆက်သွယ်မေးမြန်းချက်

    PR ကို ကျင့်သုံးတဲ့နေရာမှာ လူနည်းစုတိုင်းရင်းသားတွေရဲ့ ဆန္ဒကိုအလေးထားသင့်၊ နိုင်တလညီနှင့် ဆက်သွယ်မေးမြန်းချက်

    -

    မွန်သတင်းအေဂျင်စီ (၁၀ နိုဝင်ဘာ ၂၀၂၁)

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC နှင့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲစနစ် ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်းအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ နိုဝင်ဘာ ၅-၆ ရက်နေ့များတွင် ကျင်းပခဲ့ရာ နိုင်ငံရေးပါတီ ( ၅၁ ) ပါတီမှ ကိုယ်စားလှယ်( ၉၂ )ဦး၊ စိတ်ပါဝင်စားသည့် အရပ်ဘက်ကိုယ်စားလှယ် ( ၁၈ ) ဦး စုစုပေါင်း ( ၁၁၀ ) ဦး တက်ရောက်ခဲ့ပါသည်။

    ယခုဆွေးနွေးပွဲတွင် သက်ဆိုင်ရာနိုင်ငံရေးပါတီများအနေဖြင့် မည်သည့် PR စနစ်ကျင့်သုံးသင့်သည်ကို စာတမ်းတင်၍ ဆွေးနွေးခြင်းဖြစ်ရာ မွန်ညီညွတ်ရေးပါတီ MUP ကိုယ်စားလှယ်များအဖြစ် တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်နှင့် တွဲဖက်အတွင်းရေးမှူး(၄) နိုင်တလညီ တို့တက်ရောက်ခဲ့ပါသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီနှင့် မေလအတွင်း UEC နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲ၌ လာမည့်ရွေးကောက်ပွဲများတွင် PR စနစ်ကျင့်သုံးဖို့ အများသဘောတူထားပြီးဖြစ်ကြောင်း ကော်မရှင်ဥက္ကဌ ပြောကြားခဲ့သည်ဟု နိုင်တလညီက ဆိုသည်။

    မေး-ဆရာတို့ MUP ပါတီရော PR နဲ့ ပတ်သက်ပြီး စာတမ်းတင်သွင်းခဲ့တာရှိလား။
    ဖြေ-
    မရှိဘူး။ မရှိဘူး။ အခုဘာသဘောတူညီချက်မှ မရှိပါဘူး။ UEC ဥက္ကဌကတော့ ပြောတာပေါ့နော် လာမယ့် တစ်လနှစ်လ ဒါမှမဟုတ် တစ်လခွဲလောက်မှာ PR နဲ့ ပတ်သက်ပြီးတော့ Workshop လုပ်မယ်ပေါ့နော်။ ဆွေးနွေးမယ်။ Workshop လုပ်မယ်ပေါ့လေ။

    မေး-PR နဲ့ ပတ်သက်ပြီး MUP ပါတီရဲ့ သဘောထားက ဘယ်လိုရှိလဲ။
    ဖြေ-ကျနော်တို့ပါတီ သဘောထားကို အရင်တုန်းကလည်း ဒီဟာပြောပြီးပြီလေ။ ကျနော်တို့ နိုင်ငံမှာ ရွေးကောက်ပွဲလုပ်တာ မကြာသေးဘူး။ ပြည်သူလူထုကလည်း ဒီမဲပေးတဲ့အ‌ပေါ်မှာ သိပ်ပြီးတော့ နားမလည်သေးတဲ့ အချိန်မှာ PR ဟာ မသုံးသင့်သေးဘူးလို့ အရင်ကပြောခဲ့တာပေါ့နော်။ PR စနစ်ကို သွားတော့မယ်ဆိုရင်‌တော့လည်း ကျနော်တို့ ပါတီအနေနဲ့က‌တော့ တိုင်းရင်းသားဒေသမှာ FPTP နဲ့ တိုင်းဒေသကြီးတွေမှာ PR နဲ့ သွားရင် ပိုသင့်တော်တယ်လို့ ကျနော်တို့ကတော့ မြင်တာပေါ့လေ။ အဓိက ချုပ်လိုက်ရင်တော့ ‌ရွေးကောက်ပွဲဆိုတာ နိုင်ငံရဲ့ အာဏာကို စီမံခန့်ခွဲဖို့၊ အဓိကတော့ တိုင်းရင်းသားပါတီငယ်တွေကို ရွေးကောက်ပွဲမှာ အနိုင်ရရှိနိုင်ဖို့၊ နိုင်ငံရေးမှာ ပါဝင်နိုင်ဖို့ တိုင်းရင်းသားတွေရဲ့ ဆန္ဒကို အလေးထားပေးသင့်တယ်လေ။ ကျနော်ပုဂ္ဂိုလ်တစ်ဦးတည်းရဲ့ အမြင်အရဆိုရင် PR စနစ်ဟာ တိုင်းဒေသကြီးမှာ လုပ်ရင်‌တော့ ကျနော်တို့ ဘာမှ မပြောလိုဘူးပေါ့နော်။ ဒါပေမယ့် ပြည်နယ်တွေမှာဆိုရင်တော့ သက်ဆိုင်ရာအခြေပြုတဲ့ ပါတီတွေရဲ့  သဘောထား ရယူသင့်တယ်၊ PR နဲ့ သွားသင့်လား၊ FPTP နဲ့ သွားသင့်လား ဒါကိုတော့ သဘောထားယူသင့်တယ်ပေါ့နော်။ ဒါပေမယ့် ကျနော်တို့ တိုင်းရင်းသားတွေဘက်မှာလည်း သဘောထားက မတူဘူးပေါ့နော်။ တချို့တိုင်းရင်းသားတွေလည်း ပြည်နယ်တွေမှာလည်း PR စနစ်ကျင့်သုံးစေချင်တဲ့ တိုင်းရင်းသားပါတီတွေလည်း ရှိတာပေါ့လေ။

    မေး- နိုဝင်ဘာ ၅ ရက်နေ့က UEC ဥက္ကဌ ပြောသွားတာ PR စနစ်ကျင့်သုံးရင် တိုင်းရင်းသားတွေ၊ လူမျိုးစုငယ်တွေ၊ အမျိုးသမီးတွေ အခွင့်အရေးရလာမယ်။ တချို့ပါတီတွေက တစ်ပါတီတည်း အစိုးရမဖွဲ့နိုင်အောင် လုပ်တာဆိုပြီးပြောတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်မိလဲ။

    ဖြေ– PR စနစ်ရဲ့ သဘောထားကလည်း တစ်ပါတီစနစ် မကြီးစိုး‌ရေး အဓိက တစ်ပါတီအာဏာရှင်စနစ် မပေါ်ရေးလို့လည်း ကျနော်တို့ နားလည်တယ်။ ပါတီအများစုကို နိုင်ငံရေးမှာ ပါဝင်လာစေရေးကို ဦးတည်ထားတယ်လို့ နားလည်တယ်လေ။ ဒါကတော့ မြန်မာပြည်တစ်ပြည်ထဲမှာပဲ မဟုတ်ပါဘူး။ ရွေးကောက်ပွဲကျင်းသုံးတဲ့နိုင်ငံ ၂၀၀ လောက်တော့ ရှိတာပေါ့လေ။ အဲဒီအထဲမှာ PR စနစ်ကို ကျင့်သုံးတဲ့ နိုင်ငံက ၁၀၀ ကျော်တယ်လေ။ သူ့ရဲ့ နိုင်ငံနဲ့ သူရဲ့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ ကျင့်သုံးနေကြတာပဲလေ။

    မေး- PR စနစ်က လွှတ်တော်ထဲမှာ ၂၅% အလိုလို အော်တိုမက်တစ် ကိုယ်စားလှယ်ရထားပြီးတဲ့ စစ်တပ်နဲ့ နီးစပ်တဲ့ ပါတီပဲ အစိုးရဖွဲ့လို့နိုင်မယ်ဆိုပြီးတော့ သုံးသပ်မှုတွေ ရှိနေတယ်။ ဒီအပေါ်မှာ MUP ပါတီအနေနဲ့ ဘယ်လိုမြင်လဲ။

    ဖြေ– ဒါက‌တော့ ပြည်သူလူထုရဲ့ မဲပေးတဲ့အ‌ပေါ်မှာပဲ မူတည်တယ်လေ။ ဒါပွင့်ပွင့်လင်းလင်းပြောရရင် ၂၀၀၈ ဖွဲ့စည်းပုံမှာ စစ်တပ်က ၂၅ % ပေါ့နော်။ ဥပမာ တချို့က သုံးသပ်တယ် ပြည်ခိုင်ဖြိုး ၂၆ % ရရင် အစိုးရဖွဲ့သွားနိုင်တယ်ပေါ့နော်။ ဒါကလည်း ပြည်သူလူထုအပေါ်မှာပဲ မူတည်တယ်လေ။ ဘယ်သူဖြစ်ဖြစ် တခြားပါတီကြီး NLD လည်း ဒီပုံပဲလေ။ ဒါပေမယ့် အစိုးရဖွဲ့နိုင်မဖွဲ့နိုင်ဆိုတာတော့ ပြည်သူလူထုမဲပြား အပေါ်မှာပဲ မူတည်တယ်လေ။ ပြည်ခိုင်ဖြိုးကလည်း ၂၆ % ရနိုင်မရနိုင်ဆိုတာ ပြည်သူလူထုရဲ့ ဆန္ဒမှာပဲလေ။

    မေး- PR စနစ်နဲ့ ပတ်သက်ပြီး ဆရာအနေနဲ့ ဘာများဖြည့်စွက်ပြောကြားလိုသေးလဲ။

    ဖြေ- ကျနော်မြင်တယ်ပေါ့နော်။ ဒီ PR ကို ကျင့်သုံးတဲ့နေရာမှာ လူနည်းစု တိုင်းရင်းသားတွေရဲ့ ဆန္ဒကို အလေးထားသင့်တယ်လို့ ကျနော်တို့ မြင်တာပေါ့။ နိုင်ငံတစ်နိုင်ငံထဲမှာတောင်မှ PR တပြေးညီကျင့်သုံးတာမဟုတ်ဘူးလေ။ တချို့  ပြည်နယ်မှာ PR ကျင့်သုံးတာရှိသလို တချို့ပြည်နယ်မှာ PR မကျင့်သုံးတာ အဲလိုလည်း ရှိတာပေါ့နော်။ ကျနော်တို့ တိုင်းရင်းသားတွေကို နိုင်ငံရေးမှာ အများစုမဟုတ်ရင်တောင် အတိုင်းအတာတစ်ခုအထိ ပါဝင်စေချင်တယ်ဆိုရင်တော့ တိုင်းရင်းသားတွေနဲ့ ဘယ်စနစ်နဲ့ ကိုက်ညီမှာလဲ ပြည်နယ်အလိုက် သဘောထားတွေ ရယူဖို့သင့်တယ်လို့ထင်ပါတယ်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,800SubscribersSubscribe
    spot_img

    Latest posts