HomeCovid 19ကျောင်းမအပ်ရသေးသည့် ကျောင်းသူကျောင်းသားများကို နိုဝင်ဘာ ၂၀ ရက်အထိ ကျောင်းအပ်လက်ခံပေးသွားမည်

ကျောင်းမအပ်ရသေးသည့် ကျောင်းသူကျောင်းသားများကို နိုဝင်ဘာ ၂၀ ရက်အထိ ကျောင်းအပ်လက်ခံပေးသွားမည်

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ နိုဝင်ဘာ ၉)


မွန်ပြည်နယ်အတွင်း ကျောင်းမအပ်ရသေးသည့် ကျောင်းသူ၊ ကျောင်းသားများကို နိုဝင်ဘာ ၂၀ ရက်နေ့ထိ ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ပညာရေးမှူး ဦးစန်းအောင်က ပြောသည်။

“ဇွန်လတုန်းက ကျောင်းအပ်နှံထားခြင်းမရှိတဲ့ ကျောင်းသား ကျောင်းသူတွေရှိတယ်။ အဲလို ကျောင်းသား ကျောင်းသူ တွေကို အခု ကျောင်းပြန်ဖွင့်တဲ့အခါ ကျောင်းအပ်နှံနိုင်ပါတယ်လို့ ကျွန်တော်တို့က ကြေငြာထားပါတယ်။ အရင်က မအပ်သေးဘူး အခု အပ်နိုင်ပါတယ်ပေါ့”ဟု ဦးစန်းအောင်က ပြောသည်။

အခြေခံပညာကျောင်းများကို နိုဝင်ဘာ ၁ ရက်မှ စတင်ကာ ကိုဗစ်စည်းကမ်းများနှင့် အညီ ဖွင့်လှစ်ထားပြီဖြစ်ကြောင်း၊ နိုဝင်ဘာ ၁ ရက်နေ့မှ ၂၀ ရက်နေ့ထိ အချိန်ကာလ ၃ ပတ် သတ်မှတ်ထားပြီး ကျောင်းအပ် လက်ခံပေးသွားမည်ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

နိုဝင်ဘာ ၂၀ ရက် ကျော်သွားပါက ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း မပြည့်နိုင်သောကြောင့် ကျောင်းအပ်လက်ခံတော့မည်မဟုတ်ကြောင်း၊ ထို့ကြောင့် ကျောင်းအပ်လက်ခံနေသည့် သတ်မှတ်ကာလအတွင်း ကျောင်းအပ်နှံကြရန် မိဘများကို  တိုက်တွန်းလိုသည်ဟု ဆိုသည်။

လက်ရှိ နိုင်ငံရေးအခြေအနေ နှင့် ကိုဗစ်ရောဂါကြောင့် ကျောင်းလွှတ်ရမည့်ကို စိုးရိမ်သော်လည်း ပညာရေး ပြီးဆုံးစေချင်ကြောင်း မော်လမြိုင်မြို့မှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

“ကျောင်းကတော့ အပ်ရမယ်။ မအပ်လို့မရဘူးလေ။ ကလေးတွေ ပညာရေး ရပ်သွားမှာစိုးတယ်။ စိုးရိမ်တာတော့ စိုးရိမ်တာပေါ့။ ဒီတိုင်းထားရင် ကလေးတွေ ပညာရေးက ပြီးမှာ မဟုတ်တော့ဘူးလေ”ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်အတွင်း နိုဝင်ဘာ ၁ ရက်မှ စတင်ကာ အခြေခံပညာကျောင်းများတွင် တက်ရောက်နေသော ကျောင်းသူကျောင်းသား ၄၀၀၀၀ ကျော် ရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts