HomeCovid 19ကျိုက်ထီးရိုးဘုရားမှ ဈေးဆိုင်ခန်းများ ယာယီလေလံကြေး ပေးသွင်းရန်မလိုဘဲ ဖွင့်လှစ်ခွင့်ပြု

ကျိုက်ထီးရိုးဘုရားမှ ဈေးဆိုင်ခန်းများ ယာယီလေလံကြေး ပေးသွင်းရန်မလိုဘဲ ဖွင့်လှစ်ခွင့်ပြု

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ အောက်တိုဘာ ၁၇)

ဆံတော်ရှင် ကျိုက်ထီးရိုးဘုရားမှ စျေးဆိုင်ခန်းများကို လေလံကြေးပေးသွင်းရန်မလိုဘဲ ဖွင့်လှစ်ခွင့်ပေးလိုက်ပြီဖြစ်ကြောင်း ဂေါပကအသိုင်းအဝိုင်းမှ သိရသည်။

” အခု တိုင်းပြည်အခြေအနေနဲ့ တခြားအခြေအနေတွေကို စောင့်ကြည့်ပြီး ပေးသင့်မပေးသင့်ကို ကျွန်တော်တို့ အရင်ရက်က ဆွေးနွေးခဲ့ကြပါတယ်။ အခုကင်းလွတ်ခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ကိုဗစ်ကြောင့်ပိတ်ထားရတာလဲ ကြာပြီ။ ခရီးသွားတွေလည်း အရင်လောက်မများသေးဘူး။ အဲဒါတွေကြောင့် ဖြေလျော့ပေးတဲ့အနေနဲ့လုပ်ပေးတာပါ” ဟု ဂေါပက တစ်ဦးမှ ဆိုသည်။

စျေးဆိုင်ခန်းများအတွက် လေလံကြေးကို ယာယီကင်းလွတ်ခွင့်ပြုထားပြီး ခရီးသွားအရေအတွက် များလာသည့်အခါ ပြန်လည်ကောက်ခံဖို့ အစီအစဥ်ရှိကြောင်း၊ ယခင်က ကျိက်ထီးရိုးဘုရားစျေးတန်းမှ ဆိုင်ခန်းများသည် လေလံကြေးကို သိန်းဆယ်ဂဏန်းအထိ ပေးဆောင်ရကြောင်း သိရသည်။

“အခုလည်း ခရီးသွားနည်းနည်းတော့ရှိတာပဲ။ ဆိုင်ခန်းတွေလည်း တွေ့ပါတယ်။ အရင်ကလောက်တော့ လူမများပေမယ့် အရမ်းနည်းနေတာမျိုးလဲမဟုတ်ပါဘူး သီတင်းလည်းကျွတ်တော့မယ်ဆိုတော့လေ။” ဟု ကျိုက်ထီးရိုး ဘုရားသို့ သွားရောက်ဖူးမမျှော်ခဲ့ရသူ တစ်ဦးကဆိုသည်။

ကိုဗစ်ကာလကြောင့် ပိတ်ထားရသော ဆံတော်ရှင် ကျိုက်ထီးရိုးဘုရားတွင် ခရီးသွားပြည်သူများ တဖြည်းဖြည်း ပြန်လည်များပြားလာပြီး ဆိုင်ခန်းနှင့်ဟော်တယ်များ ​ပြန်လည်ဖွင့်လှစ်သည်ကိုတွေ့မြင်လာရကြောင်း ခရီးသွားများထံမှ သိရသည်။

စျေးဆိုင်ခန်းများကို ယာယီ လေလံကြေး ကင်းလွတ်ခွင့်ပြုလိုက်သော်လည်း ဘုရားရင်ပြင်တွင် စျေးရောင်းသူများကို ဥပဒေအရအရေးယူမည်ဖြစ်ကြောင်း ဂေါပကရုံးမှ သိရသည်။

လာမည့်သီတင်းကျွတ်လပြည့် အောက်တိုဘာလ ၂၀ ရက်နေ့တွင် ဗုဒ္ဓပူဇနိယပွဲတော်နှင့်အတူ တောင်တော်ဖွင့်ပွဲကို ကိုဗစ်စည်းကမ်းများနှင့်အညီ အကျဥ်းချုပ်ဖွင့်လှစ်သွားမည် ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts