မွန်သတင်းအေဂျင်စီ (၂၀၂၁ အောက်တိုဘာ ၆)
စက်သုံးဆီဈေးနှုန်း ဆက်တိုက်မြင့်တက်နေမှုကြောင့် ရေးမြို့နယ်မှ ပုဂ္ဂလိက လျှပ်စစ် ရယူသုံးစွဲနေသူများ လျှပ်စစ် မီတာခဈေးနှုန်း မြင့်တက်လာသဖြင့် အခက်တွေ့နေကြောင်း ဒေသခံများဆီမှ စုံစမ်းသိရှိရသည်။
” လူတွေအဆင်မပြေရတဲ့အထဲ တစ်လတစ်လ ဒီမီတာခအတွက်ပဲ လူတွေငွေရှာနေရသလိုဖြစ်နေပြီ။ စျေးတက်တာကိုလည်း ၄ ရက်နေ့ကမှပြောတယ်။ အနည်းဆုံးတစ်လ လောက်တော့ကြိုပြောသင့်တယ်လေ။ အခုက ချွေတာသင့်တာကို ချွေတာရတော့တာပေါ့။ မလိုအပ်ရင်မသုံးဘဲ အကုန်ပိတ်ထားရတယ်” လို့ ရေးမြို့ပေါ်တစ်ဦးက ဆိုသည်။
စက်သုံးဆီ ဈေးနှုန်းမြင့်တက်လာခြင်းကြောင့် တစ်ယူနစ် ကျပ် ၆၀၀ ကနေ ကျပ် ၈၀၀ ထိ တိုးမြှင့်ကောက်ခံလာခြင်းဖြစ်ကြောင်း လျှပ်စစ်မီးပေးနေသည့် မြတ်သူရကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ဆီစျေးတွေတက်လို့ပါ။ မြို့နယ်က လျပ်စစ် အင်ဂျင်နီယာတွေနဲ့လည်း ဆွေးနွေးခဲ့ပါတယ်။ ဆီစျေး ၂ သောင်းကျော် ပြန်ကျရင် မီတာခလဲ ပြန်လျော့သွားမှာပါ”ဟု မြတ်သူရကုမ္ပဏီတာဝန်ရှိသူက ဆိုသည်။
စက်သုံးဆီ ဒီဇယ်ဆီ တစ်ပီပါသည် ယခင်က ကျပ် ၂၂၀,၀၀၀ သာ ရှိခဲ့ပြီး ယခု တစ်ပီပါကို ကျပ် ၃၀၅,၀၀၀ ထိ ဈေးနှုန်းမြင့်တက်နေခြင်းကြောင့် မီတာခ တက်ရကြောင်း ဆိုသည်။
မြတ်သူရကုမ္ပဏီသည် ရေးမြို့ပေါ်ရပ်ကွက်ကြီး ၉ ခုပါအဝင် ကျေးရွာပေါင်း (၁၆) ရွာကို လျှပ်စစ်မီး ထုတ်လုပ်ဖြန့်ဝေပေးနေခြင်း ဖြစ်သည်။
မွန်ပြည်နယ် ၁၀ မြို့နယ်အနက် အစိုးရလျှပ်စစ်မီး မရရှိသေးသည်မှာ ရေးမြို့နယ်တစ်ခုတည်းသာကျန်ရှိနေခြင်းကြောင့် ပုဂ္ဂလိကလျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး ကုမ္ပဏီများကို ရယူသုံးစွဲနေရခြင်း ဖြစ်သည်။