Homeသတင်းအတ္ထရံမြစ်တွင် MCL သင်္ဘောများသွားလာခြင်းမရှိသည့်အတွက် ငါးပုဇွန်ရှာဖွေရလွယ်ကူလာဟု ဒေသခံများပြောဆို

အတ္ထရံမြစ်တွင် MCL သင်္ဘောများသွားလာခြင်းမရှိသည့်အတွက် ငါးပုဇွန်ရှာဖွေရလွယ်ကူလာဟု ဒေသခံများပြောဆို

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ အောက်တိုဘာ ၇)

ကျိုက်မရောမြို့နယ် ပျားတောင်ဒေသရှိ MCL ဘိလပ်မြေစက်ရုံရပ်နားထားသည့် တစ်နှစ်ခန့်ကာလအတွင်း အတ္ထရံမြစ်တွင် သင်္ဘောသွားလာခြင်းမရှိသည့်အတွက် ငါးပုဇွန်ရှာဖွေရပို၍လွယ်ကူလာပြီဟု ဒေသခံများက ပြောဆိုကြသည်။

သဘာဝဝန်းကျင်ပျက်စီးမှုဖြစ်ပေါ်စေသည်ဟု ဒေသခံများ၏ကန့်ကွက်မှုကို အကြိမ်ကြိမ်ဖြေရှင်းပေးခဲ့ရသည့် MCL ဘိလပ်မြေထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့သည့်အတွက် အတ္ထရံမြစ်ကြောင်းတလျှောက်တွင် ကျောက်မီးသွေးနှင့် ဘိလပ်မြေတင် သင်္ဘောကြီးများသွားလာခြင်းမရှိတော့ပေ။ 

“သူတို့သင်္ဘောမသွားလာတော့ ငါးပုဇွန်တို့ ရှာလို့ပိုအဆင်ပြေတယ်၊ ပိုပြီးကောင်းလာတယ်၊ သူတို့သင်္ဘောသွားလာနေရင် ရှာလိုအဆင်မပြေ၊ မြစ်ထဲမှာ ဖယ်ပေးနေရတယ် ”ဟု ဒေသခံငါးဖမ်းသမား ဦးသန်းညွန့်က ဆိုသည်။

ဘိလပ်မြေထုတ်လုပ်နေသည့်ကာလများတွင် သင်္ဘော ၆ စီးခန့် သွားလာလှုပ်ရှားနေရသည့်အတွက် မြစ်ကြောင်းတလျှောက် ဒေသခံငါးဖမ်းသမားများအား အနှောက်အယှက်ပြုနေပြီး ငါးပုဇွန်များရှာဖွေရာတွင် အခက်အခဲဖြစ်လာသည်ဟု သိရသည်။

ထို့ပြင် သင်္ဘောဖြတ်သန်းသွားလာမှုအရှိန်ကြောင့် မြစ်ကမ်းပါးပြိုခြင်း၊ ကမ်းနားအနီးရှိ နေအိမ်ကွန်ကရစ်နံရံများ အက်ကွဲကြောင်းပေါ်ခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်း ယခင်သတင်းများတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။

“ဘိလပ်မြေစက်ရုံမတည်ခင်က ဒို့ငယ်ငယ်ကတည်းက ဒီမြစ်ကိုအမှီပြုပြီး သက်မွေးဝမ်းကြောင်းအလုပ်အနေနဲ့ ငါးပုဇွန်တို့ရှာလာတာ တစ်နေ့နေ့ဆိုရင် (၈) ပိဿာ (၉) ပိဿာလောက်ရတယ်၊ စက်ရုံတည်ကတည်းက သင်္ဘောတွေသွားလာလို့ မြစ်ထဲမှာ ငါးပုဇွန်ဖမ်းတာ အဆင်မပြေတော့ဘူး တစ်နေ့ ၃ ပိဿာရဖို့ အနိုင်နိုင်ပဲ”ဟု ဒေသခံတံငါသည် ဦးလှအောင်က ပြောသည်။

MCL သဘောၤသွားလာနေစဉ်ကာလအတွင်း ငါးပုဇွန်များဖမ်းမမိသော်လည်း မြစ်ကြောင်းအတွင်း နှစ်စဉ်ငါးဖမ်းခွင့်လိုင်စင်ခ ပို၍ပေးဆောင်လာခဲ့ရသည်ဟု ၎င်းကဆိုသည်။

 “သင်္ဘောသွားလာမှုမရှိတဲ့အတွက် သဘာဝန်းကျင်ပျက်စီးမှုနည်းပါးလာတယ်၊ အခုဆိုရင် ဒီတစ်နှစ်အတွင်းမှာပဲ မြစ်ကမ်းပါးတွေဟာ အရင်လို ပြန်မြင့်လာပါပြီ၊ ပြီးတော့ ကျောက်မိုင်းခွဲတာလဲရပ်နားလိုက်တဲ့အတွက် လယ်သမားတွေ လယ်ဆင်းတာ ပိုပြီးအဆင်ပြေလာတယ်၊ လမ်းတွေမှာလည်းပဲ MCL ဘိလပ်မြေတင်တဲ့ကားအကြီးတွေ ဖြတ်သန်းသွားတာတာမရှိတဲ့အတွက် ကားသေးသေးတွေ သွားလာလို့ ပိုအဆင်ပြေလာတယ်၊ ဒီတစ်နှစ်ပတ်လုံး သဘာဝပန်းဝန်ကျင်တွေ အများကြီးကောင်းလာတယ် ”ဟု ပျားတောင်ဒေသလူထုဖွံ့ဖြိုးရေးအဖွဲ့ ဦးရွှေဝင်က ပြောသည်။ အဆိုပါ မော်လမြိုင်ဘိလပ်မြေစက်ရုံ (Mawlamyine Cement Limited – MCL) ကို ကြိုတင်အသိပေးခြင်းမရှိဘဲ ယမန်နှစ် ဇူလိုင် ၁၅ ရက်နေ့က ရုတ်တရက်ပိတ်သိမ်းလိုက်သဖြင့် အလုပ်သမား တစ်ထောင်ကျော် အလုပ်လက်မဲ့ဖြစ်သွားခဲ့ရသလို မည်သည့်နစ်နာကြေးမှ မရရှိခဲ့ဟု သိရသည်။

MCL ဘိလပ်မြေစက်ရုံသည် ထိုင်း SCG ကုမ္ပဏီနှင့် မြန်မာ PLCI ကုမ္ပဏီတို့ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ရင်းနှီးမတည်ထားသည့် ပုဂ္ဂလိက အကျိုးတူဖက်စပ်လုပ်ငန်းဖြစ်ပြီး ၂၀၁၇ ခုနှစ် ဧပြီလမှစတင်၍ တစ်နေ့လျှင် တန် ၅၀၀၀ နှင့်ညီမျှသည့် ဘိလိပ်မြေအိတ်တစ်သိန်း ထုတ်လုပ်ခဲ့သည့် အကြီးစားစက်ရုံဖြစ်သည်။ 

Photo-အတ္ထရံမြစ်ကြောင်းမှ ကျောက်မီးသွေးတင်သင်္ဘောတစ်စီးခုတ်မောင်းနေစဉ်(MNA)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts