Homeငြိမ်းချမ်းရေးခေါဇာမြို့နှင့် ကဗျာဝကျေးရွာကြားရှိ Mytel တာဝါတိုင်အမှတ် ၄၃၅ ဗုံးဖောက်ခွဲခံရ

ခေါဇာမြို့နှင့် ကဗျာဝကျေးရွာကြားရှိ Mytel တာဝါတိုင်အမှတ် ၄၃၅ ဗုံးဖောက်ခွဲခံရ

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၂၀)

ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့နှင့် ကဗျာဝကျေးရွာကြားရှိ Mytel တယ်လီဖုန်းဆက်သွယ်ရေး တာဝါတိုင်အမှတ် ၄၃၅ အား စက်တင်ဘာ ၁၈ ရက် ညဦးပိုင်းအချိန်တွင် ဗုံးဖောက်ခွဲခံရကြောင်း ဒေသခံများမှ သတင်းရရှိသည်။

ခလရ (၃၁) တပ်ရင်းအခြေစိုက်ရာ ခေါ်ဇာမြို့​မြောက်ဖက် ၄ မိုင်ခန့်အကွာ ရင်းဒိန်ကျေးရွာ အနောက်ဘက်  ၂ မိုင်ခန့်၊ ကဗျာဝကျေးရွာအကြား Mytel တာဝါတိုင်အမှတ် ၄၃၅ ၏ စက်ခန်းအား ဖောက်ခွဲဖျက်စီးသဖြင့် ဆက်သွယ်ရေးလိုင်းတပ်ဆင်ထားသည့် စက်ခန်း ၃ လုံးအနက် ၁ လုံးပျက်စီးသော်လည်း တာဝါတိုင်လဲပြိုခဲ့ခြင်း မရှိခဲ့ပေ။

အဆိုပါ Mytel တာဝါတိုင် ဗုံးထောင်ဖောက်ခွဲခြင်းသည် ၄င်းတို့၏လက်ချက်ဖြစ်ကြောင်း ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF Facebook ပေါ်တွင် ကြေညာထားသည်။

အလားတူ စက်တင်ဘာ ၁၇ ရက် ညဦးပိုင်းတွင် ရေးမြို့နယ်အရှေ့ခြမ်း ကျောက်မိချောင်း(တောင်ပိုင်း) ကျေးရွာအနီးရှိ Mytel တာဝါတိုင်တစ်တိုင် ဗုံးခွဲခံရကြောင်း YPDF အဖွဲ့က ကြေညာခဲ့သည်။

ထို့အပြင် ဘီးလင်းမြို့နယ်၊ ကော့ကဒွတ်ကျေးရွာရှိ Mytel တာဝါတိုင်ကို စက်တင်ဘာ ၁၇ ရက် ညပိုင်းတွင်လည်းကောင်း၊ အင်္ဂဘိုကျေးရွာက Mytel တာဝါတိုင် စက်တင်ဘာ ၁၁ ရက် ညပိုင်းတွင်လည်းကောင်း ဗုံးဖောက်ခွဲခံခဲ့ရကြောင်း အင်တာနက် Online ပေါ်က သတင်းအရ သိရသည်။

စက်တင်ဘာလဆန်းပိုင်းမှစတင်၍ နိုင်ငံအနှံ့ ဖောက်ခွဲဖျက်ဆီးခံရသည့် ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၄၇ ခုအထိရှိသည့်အနက် Mytel ဆက်သွယ်ရေးသီးသန့် တာဝါတိုင် အနည်းဆုံး ၄၀ ခုပါဝင်ကြောင်း စုံစမ်းသိရှိရသည်။

 လက်ရှိ မြန်မာနိုင်ငံ၌ တပ်ဆင်ထားသည့် Mytel ကုမ္ပဏီတွင် ဗီယက်နမ်စစ်တပ်၏ ဗီယက်တယ်လ်ကုမ္ပဏီက ၄၉ ရာခိုင်နှုန်း၊ မြန်မာစစ်တပ်ပိုင် မြန်မာစီးပွားရေးကော်ပိုရေးရှင်း MEC က ၂၈ ရာခိုင်နှုန်းနှင့် Myanmar National Telecom Holding Public ကုမ္ပဏီလီမိတက်က ၂၃ ရာခိုင်နှုန်းတို့ဖြင့် ပူးပေါင်းတည်ထောင်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts