Homeသတင်းနှစ်စဥ်ရေနစ်မြုပ်လေ့ရှိသော ဟံဂံကျေးရွာသို့ မဂဒူးအဖွဲ့ ပျိုးပင်များသွားရောက်လှူဒါန်း

နှစ်စဥ်ရေနစ်မြုပ်လေ့ရှိသော ဟံဂံကျေးရွာသို့ မဂဒူးအဖွဲ့ ပျိုးပင်များသွားရောက်လှူဒါန်း

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၉)

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန်ရေးအမြင် ဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ နှစ်စဥ်မိုးရာသီကာလရောက်တိုင်း ရေနစ်မြုပ်လေ့ရှိသော ရေးမြို့နယ် ဟံဂံကျေးရွာသို့ မဂဒူး MACDO အဖွဲ့မှ သစ်ပင်ပျိုးပင်များ သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။  

 “ဒီရွာတွေက မြေနိမ့်ပိုင်းဖြစ်တဲ့အတွက် နှစ်တိုင်းလိုလို မိုးရွာတာနဲ့ ရေလွှမ်းမိုးတဲ့ ဒဏ်ကိုခံနေရတယ်။ ဒီလိုအပင် ပျိုးပင်တွေကို လှူဒါန်းရတဲ့ ရည်ရွယ်ချက်ကို ဒေသခံတွေသဘောပေါက်စေပြီး သစ်ပင်တွေဟာ သဘာဝဘေးအန္တရယ်ကို ကာကွယ်ပေးနိုင်တဲ့ အမြင်ကိုရစေတယ် ” ဟု မဂဒူး (MACDO) အဖွဲ့ ခေါင်းဆောင် မိဖြူက ပြောသည်။

ကျွန်းသစ်၊ ပျဉ်းကတိုး၊ သင်္ဃန်း၊ မဟော်ဂနီ၊ မန်ဂျန်ရှား စသည့် ပျိုးပင် (၆၀၀) ကို ဟံဂံကျေးရွာအနှံ့ လူစည်ကားသည့်နေရာများပါမကျန် မော်တော်ကားဖြင့် လှည့်လည် လှူဒါန်းခဲ့ကြောင်း သိရသည်။

“အရင်တုန်းကဆို ဒေသခံများနဲ့အတူ ကျမတို့ဦးဆောင်ပြီး အပင်တွေစိုက်ပျိုးခဲ့တယ်။ အခုအစီအစဥ်မှာက  တစ်အိမ်ကို ပျိုးပင် (၄)ပင် ပေးပြီး သူတို့စိုက်ချင်တဲ့နေရာ စိုက်ကြဖို့ပါ” ဟု ၄င်းက ဆက်ပြောသည်။

ယနေ့ (စက်တင်ဘာ (၉) ရက်) တွင် မန်ကျည်းကျေးရွာသို့ မဂဒူး MACDO အဖွဲ့မှ နောက်ထပ်ပျိုးပင် (၆၀၀) သွားရောက် လှူဒါန်းသွားမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

လိုက်ပါကူညီနေသည့် ခေတ်သစ်လူငယ်အဖွဲ့ဝင်တစ်ဦးက  “အပင်တွေကို သူတို့အိမ်အကြား၊ ခြံ နဲ့ လမ်းဘေးတွေမှာ စိုက်ကြတယ်။ အချို့က လမ်းအတွက် အရိပ်ရဖို့ စိုက်တယ်။ တချို့အပင်တွေကြီးလာရင် ပရိဘောဂပစ္စည်းလုပ်လို့ရတယ်၊ အပင်တွေများလာရင် ရေလွှမ်းမိုးဒဏ် အလိုလိုလျော့ကျပါလိမ့်မယ်” ဟု ဆိုသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ဟံဂံကျေးတွင် လူဦးရေ ၉၀၀၀ ကျော်ရှိပြီး အိမ်ခြေ ၁၅၀၀ ကျော်ရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts