HomeCovid 19ထိုင်းမြန်မာနယ်စပ် စံခလပူရီခရိုင် Locked Down ၁၄ ရက်သတ်မှတ်ထား

ထိုင်းမြန်မာနယ်စပ် စံခလပူရီခရိုင် Locked Down ၁၄ ရက်သတ်မှတ်ထား

-

မွန်သတင်းအေဂျင်စီ (၁၀ ဇူလိုင် ၂၀၂၁)

ထိုင်းမြန်မာနယ်စပ် စံခလပူရီခရိုင် Sangkhla Buri ၌  ဇူလိုင် ၉ ရက်နေ့မှစတင်၍ ၁၄ ရက်ကြာ Locked Down သတ်မှတ်ထားပြီး ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ နေအိမ်အတွင်းနေထိုင်ကြရန် ကူးစက်ရောဂါကူးစက်ရောဂါထိန်းချုပ်ရေးကော်မတီဥက္ကဌ ကန်ချနပူရီ ပြည်နယ်အုပ်ချုပ်ရေးမှူး Jirakiat Phumsawat က အမိန့်ထုတ်ပြန်ထားသည်။

စံခလပူရီခရိုင်ကို အဝင်အထွက်ပိတ်ဆို့ထားလိုက်ပြီး နောင်လူတိုက်နယ်ရှိ မြန်မာနယ်စပ် ဘုရားသုံးဆူစစ်ဆေးရေးဂိတ်မှတဆင့် ကုန်ပစ္စည်းအမျိုးမျိုးသယ်ဆောင်မှုကိုလည်း ဇူလိုင်လ ၂၂ ရက်အထိ ၁၄ ရက်ကြာ တားမြစ်ထားကြောင်း တွေ့ရှိရသည်။

သို့ရာတွင် အရေးပေါ်ခရီးသွားရန်လိုအပ်လာပါက သက်ဆိုင်ရာမြို့နယ်အကြီးအကဲ ထောက်ခံချက်ဖြင့်သာ ခရိုင်ပြင်ပသို့ ဝင်ထွက်သွားလာခွင့်ရှိပြီး စက်ရုံအလုပ်ရုံများအတွက် ကုန်ပစ္စည်းသယ်ယူရေး ကင်းလွတ်ခွင့်ရှိသည်ဟု သိရသည်။

ဒေသအတွင်း အပတ်စဥ်လှည့်လည်ရောင်းချနေသည့် တလတ်နတ်ကဲ့သို့ ယာယီလှည့်လည်စျေးဆိုင်များအားလုံး ပိတ်ထားမည်ဖြစ်သော်လည်း အခြေခံစားသောက်ကုန်နှင့် သားငါးဟင်းသီးဟင်းရွက်စျေးများကို ကျန်းမာရေးစည်းကမ်းချက်များနှ့င်အညီ ပုံမှန်အတိုင်းခွင့်ပြုပေးထားသည်။

ယင်းသို့ အမိန့်ထုတ်ပြန်မှုကို လိုက်နာရန်ပျက်ကွက်ပါက ပြစ်မှုကျူးလွန်သူများသည် အနည်းဆုံးထောင်ဒဏ်တစ်နှစ်ကျခံရနိုင်သလို သို့မဟုတ်ပါက ဘတ်ငွေတစ်သိန်း ၁၀၀၀၀၀ အထိ ဒဏ်ငွေချမှတ်ခံရနိုင်သည်ဟု အမိန့်စာအရ သိရသည်။

စံခလပူရီခရိုင်တွင် Covid-19 ရောဂါကူးစက်မှုအကြိမ် ၃၀ ကျော်ဖြစ်ပွားခဲ့ပြီး အများစုမှာ ရောဂါကူးစက်မှုနှုန်းမြင့်တက်လျက်ရှိသော အန္တရာယ်ရှိသည့်ပြည်နယ်များမှ ရောက်ရှိလာသောလူများဖြစ်ကြသည်။

ထို့အတူ ခရိုင်နှင့်နယ်နိမိတ်ချင်းထိစပ်နေသော မြန်မာနိုင်ငံ၏ ဘုရားသုံးဆူမြို့တွင် အနည်းဆုံးလူ ၁၀ ဦးကို ကိုဗစ် ၁၉ ဗိုင်းရပ်စ်ပိုးကူးစက်ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟုဆိုကာ ဒေသခံများက စံခလပူရီခရိုင်အား ပိတ်ဆို့ထားရန် အာဏာပိုင်များကိုတောင်းဆိုလိုက်ကြောင်း တာဝန်ရှိသူတစ်ဦးပြောကြားချက်ကို Bangkok Post သတင်းက ကိုးကားဖော်ပြသည်။  

အလားတူ ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မှု အနီရောင်အဆင့်ရှိသည့်ခရိုင်အဖြစ် ဘန်ကောက်မြို့ ၊ နွန်ထဘူရီ၊ ပထုန်ဌာနီ၊ နခွန်ပထုန်၊ စမွတ်ပရာကန်၊ စမွတ်ဆာခွန် စသည့် ခရိုင် ၆ ခုကိုလည်း ဇူလိုင် ၁၂ ရက် နေ့မှစပြီး ၁၄ ရက်ကြာ ညမထွက်ရအမိန့်ကို ယမန်နေ့က ထုတ်ပြန်လိုက်သည်။

လက်ရှိထိုင်းနိုင်ငံအတွင်း ကိုဗစ်ရောဂါကူးစက်မှု တစ်ရက်လျှင် လူ ၉၀၀၀ ကျော် ဇူလိုင် ၉ ရက်နေ့တွင် သေဆုံးသူ ၇၂ ဦးအထိရှိလာပြီး ကိုဗစ်စတင်ဖြစ်ပွားချိန်မှ အတည်ပြုလူနာ ၃၀၈,၂၃၀ ဦး သေဆုံးသူ ၂၄၆၂ ဦးရှိခဲ့ပြီးဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts