မွန်သတင်းအေဂျင်စီ (၁၆ ဇွန် ၂၀၂၁)
ကရင်ပြည်နယ် ဘုရားသုံးဆူနယ်စပ်မြို့၌ ဒလန်စာရင်းဖော်ပြခြင်းခံရသူတစ်ဦး ယနေ့မွန်းတည့်အချိန်ခန့်တွင် အမည်မသိသေနတ်သမားပစ်သတ်မှုကြောင့် ဦးခေါင်းတွင်ရရှိသော ဒဏ်ရာဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
သေဆုံးသူမှာ ဘုရားသုံးဆူရပ်ကွက်(၂) ဘုရင့်နောင်လမ်းရှေ့ထောင့်လမ်းဆုံ ဘိလိယက်ခုံ ဒေါ်အိမျိုး၏ ခင်ပွန်း ကိုမောင်ကျော် ပစ်ခတ်လုပ်ကြံခံရခြင်းဖြစ်ကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။
“ကရင်စုထိပ် ရပ်ကွက် ၄ တိုင်းရင်းသားစုက သူ့အသိ BGF အိမ်မှာ ရောက်နေတုန်း Vigo မော်တော်ယာဉ်အမဲတစ်စီးနဲ့ ဝင်ပစ်တာ ခေါင်းမှာထိလို့ သေသွားပီ၊ နေ့လယ် ၁၂ နာရီ ၅ မိနစ်လောက်မှာပါ၊ ဦးနီပွန်သမီး အိမျိုးရဲ့ ယောက်ျား FB က ကြေငြာတဲ့ ဒလန်ရှင်းမယ့်စာရင်းသူပါ”ဟု ၎င်းက ဆိုသည်။
အဆိုပါ ပစ်ခတ်လုပ်ကြံသေဆုံးခဲ့သူမှာ ဘုရားသုံးဆူမြို့ ဆန္ဒပြပွဲများအတွင်း မော်တော်ကားနှင့်တိုက်ဖမ်းရာတွင် နာမည်ကြီးသူတစ်ဦးဖြစ်ကြောင်း သတင်းရရှိသည်။
အလားတူ ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့တွင်လည်း ဘုရားသုံးဆူမြို့အနီး ရွာသစ်ရွာနေ မွန်ညီညွတ်ရေးပါတီ MUP ကြာအင်းဆိပ်ကြီးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း မိဝေသီဖြိုး ကိုလည်း အမည်မသိသေနတ်သမား ပစ်သတ်လုပ်ကြံခံရသော်လည်း လက်သည်တရားခံအား ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိသေးပေ။
ထို့အပြင် ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့တွင်လည်း ဘုရားသုံးဆူမြို့ အမှတ်(၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးသည်လည်း အမည်မသိသေနတ်သမား လာရောက်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။
![](https://i2.wp.com/burmese.monnews.org/wp-content/uploads/2021/06/173508196_1396094370749350_4096519676788534122_n.jpg?resize=696%2C522&ssl=1)