spot_img
Sunday, May 19, 2024
More
    spot_img
    Homeငြိမ်းချမ်းရေးဒလန်နှင့်ပတ်သက်၍ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌဟောင်း ဒေါက်တာ အောင်နိုင်ဦးနှင့် အင်တာဗျူး

    ဒလန်နှင့်ပတ်သက်၍ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌဟောင်း ဒေါက်တာ အောင်နိုင်ဦးနှင့် အင်တာဗျူး

    -

    မွန်သတင်းအေဂျင်စီ (၁၆ ဇွန် ၂၀၂၁)

    မေး-ရာ့ကို အရင်က ဒလန်ဆိုပြီး စွပ်စွဲနေကြတယ် နောက်မှ မဟုတ်ဘူးဆိုပြီး ပြန်ဖြုတ်ခဲ့တယ် အဲတာနဲ့ ပတ်သက်ပြီး ပြောစရာရှိလားဆရာ။

    ဖြေ-အဲကိစ္စက အခုက အလှမ်းဝေးသွားပြီးဆိုတော့ ဘာမှတော့ မှတ်ချက်မပြုချင်တော့ဘူးလေ။

    မေး- အခုတလော မွန်ပြည်နယ်မှာ ဒလန်ဆိုပြီး စွပ်စွဲခံရတဲ့သူတွေလည်း များလာတယ်။ အသတ်ခံရတဲ့သူတွေလည်း ရှိလာတယ်၊ ဒါနဲ့ ပတ်သက်ပြီး မွန်လူထုကို ဆရာအနေနဲ့ ဘာပြောစရာရှိလဲ။

    ဖြေ- အဓိက ဒလန်ဆိုတဲ့ဟာ ဖြစ်လာတာ တစ်ဖက်က PDF အဖွဲ့ကနေပြီးတော့ ထွက်လာတဲ့ ဝေါဟာရလို့ပဲ ကျွန်တော်တို့က နားလည်တယ်။ ဆိုလိုတာက ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေတဲ့ ပုဂ္ဂိုလ်တွေကို သူတို့ရဲ့ လှုပ်ရှားမှုတွေကို တစ်ဖက်အဖွဲ့ စစ်တပ်အဖွဲ့ ဒါမှမဟုတ် စစ်ကောင်စီအဖွဲ့က အချိန်မှီထိန်းလို့ရအောင်၊ ဒါမှ မဟုတ်ရင် ဖမ်းဆီးအရေးယူလို့ရအောင် လျှိ့ဝှက်သတင်းပေးတဲ့ ကျွန်တော်တို့ အရင်ကခေါ်တဲ့ Informer ကို ဆိုလိုကြတာပေါ့နော်၊ ဒလန်ဆိုတာ တကယ်တမ်း အဲလိုမျိုးလူတွေလည်း ရှိကောင်းရှိမှာပေါ့၊ သို့သော်လည်းပဲ ဒါကျွန်တော်တို့အမြင်အရ ပြောရရင်တော့ ဒီမိုကရေစီစနစ်မှာ ဘယ်နိုင်ငံမဆို သဘောထား၊ ယုံကြည်မှု၊ အမြင် မတိုက်ဆိုင်ကြတာတွေ၊ သဘောထားမတူညီကြတာတွေက ရှိစမြဲပဲ၊ အဲတော့ တစ်ဖက်က ဒီမိုကရေစီအရေးအတွက် လှုပ်ရှားတိုက်ပွဲဝင်နေကြတဲ့သူတွေအပေါ်မှာ ထောက်ခံအားပေးတဲ့သူတွေလည်း အများကြီးရှိကြတယ်၊ တချို့ အမြင်မကြည်လင်မှုနဲ့ နေကြတဲ့သူတွေလည်း ရှိကောင်းရှိလိမ့်မယ်ပေါ့နော်၊ ဒါပေမယ့် ဘယ်ဖက်မှ မရပ်တည်ပဲနဲ့ အေးအေးချမ်းချမ်းနဲ့ သူ့ရဲ့စားဝတ်နေရေး၊ သူမိသားစုလုံခြုံရေး၊ အဲလိုလူတွေလည်း ရှိကောင်းရှိမှာပေါ့ အဲလိုအနေအထားမှာ ဒလန်လို့ ဟိုလူ့ကို စွပ်စွဲ ဒီလူ့ကို စွပ်စွဲ၊ ဟိုလူ့ကို စာရင်းထည့်၊ ဒီလူ့ကို စာရင်းထည့်တာမျိုးကလည်း ကာယကံရှင်တွေအနေနဲ့ တခါတလေကျတော့လည်း အရမ်းအန္တရာယ်ကြီးတယ်လို့ပဲ ကျွန်တော်မြင်တယ်။ ဆိုလိုတာက အမှန်တကယ်ပဲ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတွေကို လိုအပ်ရင် အချိန်မီဖမ်းဆီးအရေးယူဖို့ သတင်းပေးနေတဲ့သူတွေကြတော့ တစ်မျိုးပေါ့။ တစ်ချို့ကျတော့လည်း သူဖါသာ သူနေတဲ့သူတွေကို သွားပြီးတော့ ဒလန်စာရင်းထဲ သွားထည့်လိုက်တာကြတော့ မကောင်းဘူးပေါ့နော်၊ အဲဟာကြတော့ ကာယကံရှင်တွေအတွက် အရမ်းအန္တရာယ်ကြီးတယ်လို့ ကျွန်တော်ပြောလိုတယ်။ နောက်တစ်ခုက ရန်သူသဖွယ်ဆက်ဆံတာမျိုးပေါ့နော်၊ ကိုယ့်ဘက်မပါတဲ့အတွက် ကိုယ့်ဘက်ဝိုင်းပြီး မထောက်ခံတဲ့အတွက် ဒါမှ မဟုတ်ရင် ပါတီချင်းမတူလို့ အောက်ခြေပါတီဝင်တွေရဲ့ သူတို့ရဲ့  ပါတီရဲ့ ကျောရိုးအစဉ်အလာအတိုင်း ရပ်တည်နေရတဲ့ ပါတီဝင်တွေအတွက်ကလည်း ခါတလေကျတော့  သူ့ဟာသူနေတာ သူလုပ်စရာရှိတဲ့ အလုပ်တွေ လုပ်နေတာကလည်း အရင် အထင်မှားအမြင်မှားပြီးတော့ ပုဂ္ဂိုလ်ရေးအမြင်မကြည်လင်မှုနဲ့ ဒလန်စာရင်းထည့်တာမျိုးကလည်း ဒါလည်း မဖြင့်သင့်ဘူးလို့ မြင်တာပေါ့နော်၊ အဲတာဆိုရင်တော့ ကာယကံရှင်တွေအတွက်သာမကဘူးပေါ့နော် ပြည်သူလူထုရဲ့ စည်းစိမ်လုံခြုံမှုကလည်း အန္တရာယ်ကြီးတယ်လို့ ကျွန်တော်မြင်တာပေါ့နော်၊ တစ်ဖက်ကလည်း ဒီမိုကရေစီရေးအတွက် တက်ကြွလှုပ်ရှားတဲ့သူတွေကို ကျွန်တော်တို့ သူတို့ရဲ့ လှုပ်ရှားမှုကို လေးစားပြီးသားပါ။ တစ်ဖက်လည်း အမြင်မကြည်လင်မှုကြောင့် ဒါမှ မဟုတ်ရင် ခိုင်မှာတဲ့သတင်းမဟုတ်ပဲနဲ့ စွပ်စွဲခံရတဲ့ ပုဂ္ဂိုလ်တွေအတွက် ဒလန်စာရင်းထဲ ဝင်သွားမယ်ဆိုရင် သူတို့အတွက် အရမ်းအန္တရာယ်ကြီးတယ် အဲတာကြောင့်မို့ လက်လွတ်စပယ် သတင်းရင်းမြစ်တွေ မခိုင်မာပဲနဲ့ ဒါမှမဟုတ်ရင် ပုဂ္ဂိုလ်ရေးအမြင်မကြည်လင်မှု၊ ဒါမှမဟုတ်ရင် ပါတီအစွဲကြောင့် မသင်္ကာလို့ ဒလန်စာရင်းထဲ ထည့်တာတို့ ဒါမှ မဟုတ်ရင် ခြိမ်းခြောက်မှုသဖွယ်ပုံစံမျိုးတို့ အဲတာမျိုးကတော့ မလုပ်သင့်ဘူးလို့ ကျွန်တော်တို့က မြင်တယ်။

    မေး-အရင်နေ့ကပဲ မွန်ပြည်သစ်ပါတီဝင်ဟောင်း စာရေးဆရာ မွန်စောနွယ်ကိုလည်း ဒလန်စာရင်းထည့်ထားတယ်။ စာရေးဆရာ မွန်စောနွယ်ကတော့ ဒလန်မဟုတ်ဘူးလို့ ပြန်ရှင်းပြထားတာပေါ့လေ၊ သူက အုပ်ချုပ်ရေးမှူးဆိုတော့ ရဲတွေရောက်လာရင်လည်း လိုက်ပို့ရတဲ့ တာဝန်ရှိတယ်လို့ ပြောတာပေါ့လေ

    ဖြေ- မှန်တယ် ပြောရရင်တော့ အုပ်ချုပ်ရေးထဲရောက်နေတဲ့ အုပ်ချုပ်ရေးမှူးတွေလည်း ဒီအတိုင်းပါပဲ၊ ခါတလေကြတော့လည်း အုပ်ချုပ်ရေးမှူးတချို့ကတော့ တကယ်သူ့ရဲ့ စေတနာ၊ ဝါဒနာအရင်းခံနဲ့ သူ့ဒေသ၊ သူ့ရပ်ကွက်၊ သူ့ကျေးရွာ ကောင်းကျိုးအတွက် ရည်ရွယ်ပြီးတော့ ဟိုဖက်ကို ထောက်ခံချင်လို့ ဒီဖက်ကို ရပ်တည်ချင်လို့ ဆန္ဒမျိုးမဟုတ်ပဲနဲ့ ရပ်ရွာအတွက်ကို တစ်ထောင့်တစ်နေရာကနေပြီးတော့ ကူညီချင်တဲ့ စိတ်နဲ့ပဲ တချို့က ပါကြတယ်ပေါ့နော်၊ ဒီလိုမျိုးနဲ့ပဲ အုပ်ချုပ်ရေးမှူးလုပ်ကြတယ်၊ အဲဒီအနေအထားမှာ တစ်ခါတစ်လေကြတော့ နှစ်ဖက်စလုံးမှာ သူတို့ကတော့ အရမ်းကို နေရကျဉ်းကြပ်တဲ့ပုံစံမျိုးမှာ ရှိတယ်ပေါ့နော်၊ အားလုံးနဲ့ အဆင်ပြေအောင် ပေါင်းရတဲ့အနေအထား တစ်ဖက်ကလည်း ကျွန်တော်ပြောသလိုပဲ လက်ရှိကောင်စီ အဆင့်ဆင့်က လမ်းညွန်တာတို့ လာပြီးတော့ သတင်းအချက်အလက်ရယူတာတို့ လာပြီးတော့ တာဝန်ပေးညွန်ကြားတာဆိုရင်လည်း သူက လိုက်လျော့ညီထွေလုပ်ရတာပဲ၊ တစ်ဖက်ကလည်း ဒီမိုကရေစီလိုလားသူ တက်ကြွလှုပ်ရှားသူတွေအတွက် သူတို့ရဲ့ လှုပ်ရှားမှုကလည်း နားလည်မှုတစ်ခုအနေနဲ့ တစ်ချိ့ကြတော့ ပေးကြသော်ငြားလည်း တကယ်နှစ်ဖက်ကြားထဲမှာ တော်တော်လေး နေထိုင်ကြပ်တဲ့ ပုံစံမျိုးလည်းရှိတာပဲ၊ သူတို့အတွက်လည်း တော်တော်ခက်တာပေါ့ နောက်ပြီးတော့ ဝန်ထမ်းတွေလည်း ဒီအတိုင်းပါပဲ၊ တချို့ဝန်ထမ်းတွေဆိုလည်း သူ့ရဲ့ လုပ်ငန်းခွင်အတွက်ကိုပဲ ဦးတည်ပြီး အလုပ်လုပ်တဲ့သဘောပေါ့နော်၊ တစ်ဖက်ကလည်း တာဝန်အရ ရယူထားတဲ့ တာဝန်ကို တာဝန်ကျေပွန်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ လုပ်ကြတာပေါ့နော်၊ ဟိုလိုဒီလို စိတ်နဲ့တော့ မဟုတ်ဘူး။ အဲတော့ အဲဒီအနေအထားမှာလည်း နေရကျဉ်းကြပ်တာမျိုးတော့ ရှိမှာပေါ့၊ အဲတော့ သာမန်ပြည်သူလူထုဘဝမှာလည်း အဲလိုမျိုးပဲ အချိန်မရွေး တစ်ဖက်က ရဲပဲဖြစ်ဖြစ်၊ ဒါမှ မဟုတ် စစ်ကောင်စီက တာဝန်ပေးထားတဲ့ ပုဂ္ဂိုလ်အဖွဲ့အစည်းကပဲ ဖြစ်ဖြစ် ခေါ်ယူမေးမြန်းတာတို့ လာပြီးတော့ အကူအညီတောင်းခံတာတို့ ဘာတို့ ဆိုရင်လည်း လက်ခံစကားပြောရတာတို့ ခေါ်ယူတွေ့ဆုံရင်လည်း အလိုက်အထိုက် သွားပြီးတော့ တွေ့ဆုံပေးရတာတို့ ဒါကတော့ ပြည်သူလူထုထဲမှာလည်း အကုန်လုံးရှိနေကြတာပေါ့နော်၊ အဲဒီအနေအထားမှာ တစ်ဖက်နဲ့ တစ်ဖက်က ဟိုဘက်ကို ယိမ်းချင်လို့လည်း မဟုတ်ဘူး၊ ဒီဘက်ကို ယိမ်းချင်းလို့လည်းမဟုတ်ဘူး၊ ဟိုဘက်ကို ပါလို့လည်း မဟုတ်ဘူး၊ ဒီဘက်ကို ပါလို့လည်းမဟုတ်ဘူး၊ သို့သော်လည်းပဲ နေရတဲ့ အနေအထားအရ အားလုံးနဲ့ အဆင်ပြေအောင် အဆင်ပြေတယ်ဆိုတာထက် လိုက်လျော့ညီထွေဖြစ်အောင်ဆိုတဲ့ ပုံစံမျိုးနဲ့ ရပ်တည်နေရတော့ တော်တော်လေးတော့ တချို့အပိုင်းတွေကတော့ နေရထိုင်ရကြပ်တာပေါ့နော်၊ ဒါသာမန်ပြည်သူလူထုတွေ ဒါမှမဟုတ် အုပ်ချုပ်ရေးမှူးတွေ တချို့တွေပေါ့၊ တချို့ဝန်ထမ်းတွေမှာလည်း အဲဒီအခက်အခဲရှိတယ်ဆိုတာ ကျွန်တော်မြင်တယ်။

    မေး- ဒလန်ဆိုပြီး စွပ်စွဲနေကြတာနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောပေးပါဦးဆရာ။

    ဖြေ- လောလောဆယ်တော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီအတွင်းမှာရှိနေတဲ့ ပြည်သူလူထုရဲ့ ဘဝက တချို့ဟာတွေကြတော့လည်း သူတို့ဘက်က အကြပ်အတည်းတွေ အများကြီးရှိတယ်ပေါ့နော်၊ တချို့ဆို မပြောသော်ငြားလည်း ဘယ်လိုပြောမလဲ သူတို့ရဲ့ အခက်အခဲတွေကလည်း ကျွန်တော်တို့က တဆင့်ပြန်ကြားရတာပေါ့နော်၊ ဆိုလိုတာက ဒီအခြေအနေထဲမှာ တချို့ဆိုရင်လည်း စားဝတ်နေရေးက အားလုံးသိတဲ့အတိုင်း အရမ်းကြပ်တည်းတာပေါ့နော်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေတွေကလည်း အကုန်လုံး အကြပ်အတည်းဖြစ်နေကြတဲ့အခါကြတော့ တချို့တွေကလည်း နိုင်ငံရေးဘက်ကို စိတ်မဝင်စားတာတော့ မဟုတ်ဘူးပေါ့နော်၊ တစ်ဘက်ကလည်း ကိုယ့်ရဲ့ ဝမ်းစာရေးအတွက် အခက်အခဲရှိတဲ့အခါကြတော့ လှုပ်ရှားကျင်လည်နေရတဲ့ ဘဝကလည်းရှိတာပေါ့နော်၊ ဒီလိုအနေအထားလေးမှာ တစ်ဘက်နဲ့ တစ်ဘက်ကြားထဲမှာ ထင်မြင်လွဲမှားမှုဒဏ်ကို သူတို့က တော်တော်လေးစိုးရိမ်ရတဲ့ အနေအထား ရှိတာပေါ့နော်၊ အဲဒီအနေအထားမှာ တစ်ဘက်နဲ့ တစ်ဘက်ကြားမှာ သူတို့က လက်မလျိုမိအောင် အတတ်နိုင်ဆုံးတော့ နေကြရတာပေါ့နော်၊ ဆိုတော့ ဒီအနေအထားမှာ ဘာပဲပြောပြော ကျွန်တော်တို့က‌တော့ ငြိမ်းငြိမ်းချမ်းချမ်းတော့ ရှိစေချင်တာပေါ့နော်၊ မဆိုင်တဲ့သူတွေ ထိခိုက်တာမျိုးတော့ မဖြစ်စေချင်ဘူး၊ နောက်တစ်ခုကလည်း လတ်တလော အပစ်မဲ့ပြည်သူလူထုတွေကို ကြားဝင် ဓါးစာခံပုံစံမျိုးနဲ့ ခံနေရတာမျိုး ရှိခဲ့ရင်လည်း ကျွန်တော်တို့က တော်တော်လေး စိတ်မကောင်းဘူးပေါ့နော်၊ အဲတာမျိုးကိုလည်း ကျွန်တော်တို့ မဖြစ်စေချင်ဘူးလို့ ပြောချင်တာပေါ့။

    (ပြီး)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,800SubscribersSubscribe
    spot_img

    Latest posts