Homeငြိမ်းချမ်းရေးKNU ဥက္ကဌ၏ ငြိမ်းချမ်းရေးကို ထိန်းသိမ်းကြရန် တိုက်တွန်းချက်အား DKBA ထောက်ခံကြိုဆို

KNU ဥက္ကဌ၏ ငြိမ်းချမ်းရေးကို ထိန်းသိမ်းကြရန် တိုက်တွန်းချက်အား DKBA ထောက်ခံကြိုဆို

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ မေ ၁၀)

ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၏ NCA မူဘောင်အတိုင်း လိုက်နာကျင့်သုံးပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းကြရန် တိုက်တွန်းချက်အား ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA မှ ထောက်ခံကြိုဆိုသည်ဟု ကလိုထူးဘော စစ်ဌာနချုပ်၏ Facebook စာမျက်နှာက ယနေ့ညနေပိုင်းတွင် ရေးသားဖော်ပြသည်။

ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၏ ထုတ်ပြန်ချက်တွင် KNU အနေဖြင့် အမျိုးသားရေးနှင့် တန်းတူရေးအတွက် နှစ်ပေါင်းရှည်ကြာစွာ လက်နက်ခုခံတော်လှန်ရေးကို ဆောင်ရွက်ခဲ့သော အဖွဲ့တစ်ခုဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးကို ဦးစားပေးကာ တွေ့ဆုံဆွေးနွေးပွဲမှတဆင့် ညှိနှိုင်းအဖြေရှာခြင်းကို ဆောင်ရွက်ခဲ့ရာ ခရီးကာလတစ်ခုအထိရောက်ရှိခဲ့ပြီး NCA စာချုပ်အား လက်မှတ်ရေးထိုးနိုင်ခဲ့သည်ဟု ရေးသားထားသည်။

KNU အနေဖြင့် တွေ့ဆုံဆွေးနွေးခြင်း၊ NCA မူဘောင်များအား လိုက်နာကျင့်သုံးခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး သက်ဆိုင်သူများအားလုံးအနေဖြင့်လည်း NCA မူဘောင်အတိုင်း လိုက်နာကျင့်သုံးကြပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းကြရန် တိုက်တွန်းထားသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲအချိန်အခါ အခြေအနေတစ်ခုတွင် နိုင်ငံရေးပြဿနာကို လက်နက်ကိုင်လမ်းစဉ်ဖြင့် ဖြေရှင်းရန် ကြိုးပမ်းလာကြသည်ကို ဝမ်းနည်းဖွယ်တွေ့မြင်ရသဖြင့် နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းကောင်းဖြစ်သည့် တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အဖြေရှာရန် သဘောထားကို ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးကိုယ်တိုင်လက်မှတ်ရေးထိုး၍ ယနေ့တွင် ထုတ်ပြန်ထားခြင်း ဖြစ်သည်။ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA မှာ NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ၁၉၉၄ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး KNU မှ ခွဲထွက်ခဲ့သော ကရင့်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts