Tuesday, March 10, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးမုဒုံမြို့နယ်တွင် စစ်ကောင်စီအသစ်ခန့်အပ်ထားသည့်ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့ ဖမ်းဆီးအမှုဖွင့်ခံရ

    မုဒုံမြို့နယ်တွင် စစ်ကောင်စီအသစ်ခန့်အပ်ထားသည့်ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့ ဖမ်းဆီးအမှုဖွင့်ခံရ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ဧပြီလ ၃၀)

    မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ တံခွန်တိုင်ကျေးရွာ၊ ရှမ်းရွာ (ကမာဝက်) နှင့် ကမာအုပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး (၃) ဦးတို့သည် ဧပြီလ ၂၉ ရက်နေ့က ဖမ်းဆီးခံရပြီး အမှုဖွင့်အရေးယူခံထားရကြောင်း အုပ်ချုပ်ရေးမှူး အသိုင်းအဝန်းထံမှ သိရသည်။

    “အသစ်ခန့်အပ်ထားပြီး တာဝန်မထမ်းဆောင်နိုင်တဲ့ အုပ်ချုပ်ရေးမှူးတွေ မနေ့ (ဧပြီ ၂၉) ညက အဖမ်းခံရတယ်။ ခန့်အပ်ခံရပြီး နှုတ်ထွက်စာ တင်ထားတဲ့သူတွေ ပုဒ်မ (၅၀၅) နဲ့ အမှုဖွင့်ထားတယ်။ သူတို့ကို အာဏာဖီဆန်မှုတွေကြောင့်ပေါ့လေ။ မုဒုံမြု့ိနယ်မှာတော့ တံခွန်တိုင်၊ ကမာအုပ်နဲ့ ရှမ်းရွာ (ကမာဝက်) တို့ သူတို့တာဝန်ထမ်းဆောင်ဖို့ အဆင်မပြေလို့ နှုတ်ထွက်ဖို့ မြို့နယ်အစည်းအဝေးမှာလည်း တင်ပြဖူးသူတွေပါ” ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

    ၎င်းရပ်ကျေးအုပ်ချုပ်ရေးမှူးတို့သည် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံ တာဝန်များကို ထမ်းဆောင်ရန် မတတ်နိုင်ကြောင်း တင်ပြထားသော်လည်း လက်ရှိတွင် တာဝန်ပျက်ကွက်ဟုဆိုကာ နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီးအရေးယူခံသည်ဟု သိရသည်။

    ရပ်ကွက်/ကျေးရွာအုပ်စု (၄၂) ခုရှိသည့် မုဒုံမြို့နယ်တွင် အုပ်ချုပ်ရေးမှူးဟောင်း (၁၈) ဦးကို ယခင်အတိုင်း ဆက်လက်တာဝန်ပေးအပ်ခဲ့ပြီး အုပ်ချုပ်ရေးမှူးအသစ် (၂၄) ဦးကိုလည်း ဖေဖော်ဝါရီလ (၂၇) ရက်နေ့က အစားထိုးခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။

    လက်ရှိတွင် နုတ်ထွက်ထားသည့် မော်လမြိုင်မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းအချို့ကိုလည်း ဧပြီ ၂၉ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်လံရှာဖွေဖမ်းဆီးခဲ့ရာ စစ်ကဲကုန်းရပ်ကွက်နှင့် ရွှေမြိုင်သီရိရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်းတို့ ဖမ်းဆီးခံထားရကြောင်း သတင်းရရှိသည်။

    Caption; အုပ်ချုပ်ရေးမှူး အလိုမရှိကြောင်း ဆန္ဒပြ စုဝေးနေစဉ်(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks