Homeသတင်းနံနက် ၄ နာရီထိုးပြီးမှ ရာဘာအစေးခြစ်ရသဖြင့် အထွက်နှုန်းအလွန်လျော့နည်းလာသည်ဟုဆို

နံနက် ၄ နာရီထိုးပြီးမှ ရာဘာအစေးခြစ်ရသဖြင့် အထွက်နှုန်းအလွန်လျော့နည်းလာသည်ဟုဆို

-

မွန်သတင်းအေဂျင်စီ (၁၁ မတ် ၂၀၂၁)

မွန်ပြည်နယ်အတွင်း မြို့နယ်အချို့တို့တွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသောကြောင့် နံနက် ၄ နာရီထိုးပြီးမှ ရာဘာအစေးခြစ်ရသဖြင့် အထွက်နှုန်းလျော့နည်းလာသည့်အတွက် တွက်ခြေမကိုက်တော့ကြောင်း ရာဘာခြံလုပ်သားများက ဆိုသည်။

မုဒုံမြို့နယ်မှ ရာဘာအစေးခြစ် လုပ်သားတစ်ဦးက “အရင်ကဆို ည ၁၁ နာရီ ၁၂ နာရီလောက်ဆို ခြံသွား ခြစ်ကြတယ် အဲ့ဒီအချိန်လောက်ဆိုရင် အအေးဓာတ်ရှိတော့ အစေးပိုထွက်တယ်၊ ခုညမထွက်ရ အမိန့်က ည ၈ နာရီကနေ မနက် ၄ နာရီအကြား လမ်းမထွက်ရဆိုတော့ ၄ နာရီပြီးမှ သွားရမှာဆိုတော့ မိုးလဲလင်းခါနီး ခြစ်လို့လည်း အဆင်မပြေတော့ဘူး ပြီးတော့ မိုးလင်းတော့ ပူအိုက်လာပြီဆိုရင် အစေးထွက်နည်းတယ် တွက်ခြေမကိုက်ပါဘူး” ဟု ဆိုသည်။

လူ(၅)ဦး သို့မဟုတ် (၅)ဦးထက်ပိုသော လူများသည် လမ်းမကြီးများ အများပြည်သူသွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် သို့မဟုတ် အများပြည်သူနှင့်ဆိုင်သော နေရာများတွင် စုဝေးခြင်းမပြုရန်နှင့် ည(၈)နာရီအချိန်မှ မနက်(၄)နာရီအချိန်အတွင်း ညမထွက်ရန် ပုဒ်မ ၁၄၄ အကြုံးဝင်သည့် ရပ်ကွက်ကျေးရွာအသီးသီးတွင် အသံချဲ့စက်များဖြင့် နေ့စဉ်လှည့်လည်အသိပေးလျှက်ရှိကြောင်း သတင်းရရှိသည်။

သို့ရာတွင် “ကြောက်တယ်လို့တော့မဟုတ်ပါဘူး ကိုယ့်အလုပ်ကိုယ်လုပ်တာပဲဆိုတော့ ဒါပေမယ့် ဒီလိုမငြိမ်မသက်ဖြစ်နေတဲ့ အချိန်မှာဆိုတော့ လုံခြုံရေးကို နည်းနည်းတော့သတိထားရတယ် ဒါပေမယ့် ရလာတဲ့ဟာနဲ့ဆိုရင် တွက်ခြေမကိုက်ပါဘူး”” ဟု သံဖြူဇရပ်မြို့နယ်မှ ရာဘာအစေးခြစ်လုပ်သား နိုင်စိုက်ရော့ဒ်က ဆိုသည်။

မော်လမြိုင်၊ ကျိုက်ထို၊ ပေါင်၊ ချောင်းဆုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်အပါအဝင် မြန်မာနိုင်ငံတဝန်း မြို့ပေါင်း ၁၀၀ ကျော်တို့တွင် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ထုတ်ပြန်ထားသည်။

မုဒုံမြို့နယ်မှ ရာဘာအစေးခြစ်သူ အမျိုးသမီးတစ်ဦးက “မနက် ၄ နာရီမထိုးခင်တော့ သွားတယ် သူတို့အမိန့်ထုတ်ထားတဲ့အချိန်ဆိုတော့ ကြောက်လဲကြောက်နေရတယ်၊ ၄ နာရီနောက်ပိုင်းမှ သွားခြစ်ရင်လဲ အစေးက သိပ်မထွက်တော့ဘူး အဆင်မပြေဘူး၊ ဖြစ်နိုင်ရင်တော့ အရင်လိုပဲ လွတ်လွတ်လပ်လပ် သွားလို့ရရင် ကောင်းတာပေါ့ သိပ်ပြီး တွက်ခြေမကိုက်တော့ပါဘူး”” ဟု ဆိုသည်။

အလားတူ နိုင်ငံတဝန်းဆန္ဒပြပွဲများ နေ့စဉ်ဖြစ်ပေါ်နေပြီး ညမထွက်ရအမိန့်ကြောင့် ခရီးသည်များ သွားလာမှုမရှိသလောက်ဖြစ်နေသဖြင့် အဝေးပြေးခရီးသည်တင်မော်တော်ယာဉ်များ ပုံမှန်သွားလာမှုမရှိသည့်အပြင် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများလည်း အခက်အခဲဖြစ်လာကြောင်း တွေ့ရသည်။

လတ်တလောဖြစ်ပေါ်နေသော နိုင်ငံရေးအခြအနေကြောင့် ရပ်ရွာအေးချမ်းတည်ငြိမ်ရေးကိုရှေးရှု၍ ဆန္ဒပြမှုများမဖြစ်ပေါ်စေရန် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ထုတ်ပြန်ထားသော်လည်း တပ်မတော်အာဏာသိမ်းမှုကို လက်မခံကြသဖြင့် နိုင်ငံတဝန်း မြို့ပေါ်အသီးသီး၌ နေ့စဉ်ဆက်တိုက် လူထုဆန္ဒပြမှုများ ဆက်လက်ဖြစ်ပေါ်လျှက်ရှိကြောင်း လူမှုကွန်ရက် ဆိုရှယ်မီဒီယာများတွင် ပြန့်နှံ့နေသည်။

ရာဘာအစေးခြစ်နေသူတစ်ဦး

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts