Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းNLD ကိုယ်စားလှယ်အများစုတက်ရောက်ခြင်းမရှိသည့် လွှတ်တော်မိတ်ဆက်အခမ်းအနား မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ စိတ်မကောင်းဖြစ်ဟုဆို

NLD ကိုယ်စားလှယ်အများစုတက်ရောက်ခြင်းမရှိသည့် လွှတ်တော်မိတ်ဆက်အခမ်းအနား မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ စိတ်မကောင်းဖြစ်ဟုဆို

-

မွန်သတင်းအေဂျင်စီ (၂၃ ဇန်နဝါရီ ၂၀၂၁)

မကြာမီ တတိယအကြိမ်လွှတ်တော်သစ်စတင်ခေါ်ယူရာတွင် အဆင်ပြေချောမွေ့စေရေးနှင့် မွန်ပြည်နယ်လွှတ်တော် ၅ နှစ်တာအစီရင်ခံစာကိုတင်ပြသည့် ကိုယ်စားလှယ်သစ်များအား လွှတ်တော်မိတ်ဆက်အခမ်းအနားသို့ မိမိတို့၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အများစု တက်ရောက်လာခြင်းမရှိသည့်အပေါ် စိတ်မကောင်းဖြစ်ရပါကြောင်း မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဒေါ်တင်အိက ပြောသည်။

ဒေါ်တင်အိက “သူတို့အတွက် အကျိုးရှိစေဖို့ လာမယ့်လွှတ်တော်သစ်အစည်းအဝေး ပထမနေ့မှာပဲ လွှတ်တော်ဥက္ကဌ ဒုတိယဥက္ကဌ ပေါ်ပေါက်လာဖို့အရေးကြီးတယ် အဆင်ပြေချောမွေ့စွာဖြစ်ဖို့ ကျမရော အားလုံးပါ ကြိုးစားပြီးတော့ ဒီလိုနေ့ကို ဒီလိုပွဲမျိုးဆောင်ရွက်ထားတာ ကျမတို့ပါတီက ကိုယ်စားလှယ်တွေ မတက်ရောက်တဲ့အတွက်ကြောင့် ကျမစိတ်မကောင်းပါဘူးလို့ ပြောချင်တယ်” ဟု ဆိုသည်။

မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အသစ်များ မိတ်ဆက်ပွဲအခမ်းနားကို ယမန်နေ့က မွန်ပြည်နယ်လွှတ်တော်၌ ကျင်းပခဲ့ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD  ၅ ဦး၊ မွန်ညီညွတ်ရေးပါတီ MUP ၆ ဦးနှင့် တပ်မတော်သားကိုယ်စားလှယ် ၆ ဦးသာ တက်ရောက်ဖြစ်သော်လည်း NLD မှ ကျန်ရှိသည့် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦး တက်ရောက်ခြင်းမရှိပေ။

မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဒေါ်တင်အိ (မွန်လွှတ်တော်)

“ကျမအနေနဲ့ ကျမတို့ပါတီက မတက်ရောက်ဖြစ်တော့ ကျမနည်းနည်းစိတ်မကောင်းဖြစ်မိတယ် ဘာကြောင့်လဲဆိုတော့ တတိယအကြိမ်လွှတ်တော်ရဲ့ ပထမအစည်းအဝေးမှာဆိုရင် ကျမက ဒုတိယအကြိမ်ဥက္ကဌ တစ်ယောက်အနေနဲ့ ပါဝင်ဆောင်ရွက်ပေးလို့မရဘူး အဲဒီပထမနေ့မှာဆိုရင် ကိုယ်စားလှယ်များစိစစ်တာကအစ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ခရိုင်ကော်မရှင် အစိုးရအဖွဲ့ ဌာနဆိုင်ရာ လဝက စသည်ဖြင့် သူတို့တတွေပါဝင်ပြီးမှ ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီဆောင်ရွက်ရမယ်ဆိုတော့ကာ အဲဒီပထမနေ့မှာ အဆင်ပြေချောမွေ့စေတဲ့ရည်ရွယ်ချက်နဲ့ ကျမက ဒုတိယဥက္ကဌရော အရာထမ်းအမှုထမ်းအားလုံး ကြိုးကြိုးစားစားနဲ့ ဆောင်ရွက်ထားတယ်” ဟု ဒေါ်တင်အိက ပြောသည်။

ယင်းသို့ အခမ်းအနားကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကိုယ်စားလှယ်များ၏ အချက်အလက်ရယူခြင်းနှင့် ဖိတ်စာများမပေးပို့ခင်တွင် မိမိတို့ NLD ပါတီဝင်များတစ်ဦးချင်းဆီသို့ ဖုန်းဆက်စကားပြောဆို ဖိတ်ကြားခဲ့ကြောင်း၊ NLD ပါတီအတွက် မွန်ပြည်နယ် NLD ဥက္ကဌနှင့်ညှိနှိုင်းပြောဆိုထားကြောင်း၊ မွန်ညီညွတ်ရေးပါတီအတွက် မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက တာဝန်ယူဖိတ်ကြားပေးကြောင်း ၎င်းက ဆိုသည်။  

သို့ရာတွင် အဆိုပါ လွှတ်တော်မိတ်ဆက်အခမ်းအနားသို့ NLD အနိုင်ရကိုယ်စားလှယ်များအနေဖြင့် အုပ်စုအလိုက်မတက်ရောက်ရန် နောက်ကွယ်မှပြောဆိုနေသည့်အခြေအနေကို မိမိကြားသိခဲ့ရကြောင်း NLD ပါတီ၏ လက်ရှိပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်က DVB သတင်းဌာနသို့ ပြောသည်။

“လွှတ်တော်ကိုယ်စားလှယ်မိတ်ဆက်ပွဲဆိုတာ လွှတ်တော်သက်တမ်းတိုင်းမှာ အမြဲတမ်းလုပ်ရတယ် အဲဒီတော့ ဘာလို့မလာကြသလဲ သိတယ်မဟုတ်လား ကျနော်ကြားတာနောက်ကွယ်မှာ သူတို့အဲဒီလိုမျိုးပေါ့နော် အုပ်စုနဲ့မလာကြနဲ့ဘာညာတွေ ပြောထားကြတော့ ကြားနေရတယ် ဘာတွေမှန်းတော့မသိဘူး ကျနော်ထင်တယ် ပြီးလာရင်အဖြေတော့ပေါ်လာလိမ့်မယ်လို့ ကျနော်ထင်တယ်” ဟု ဦးမင်းထင်အောင်ဟန်က ဆိုသည်။

ယင်းလွှတ်တော်မိတ်ဆက်အခမ်းအနားသို့ လက်ရှိမွန်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီး ၅ ဦးနှင့်  မွန်ပြည်နယ် NLD ဥက္ကဌတို့ အဓိကတက်ရောက်လာခြင်းမရှိကြောင်း သိရသည်။

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို လာမည့်ဖေဖော်ဝါရီ ၉ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်သွားရန် ခေါ်ယူထားပြီး ပြီးခဲ့သည့်ဒုတိယအကြိမ် လွှတ်တော်ဆောင်ရွက်ချက်များကို လွှတ်တော်ကိုယ်စားလှယ်အသစ်များအား လွှဲပြောင်းပေးရန် အစဉ်အလာအရ လွှတ်တော်မိတ်ဆက်အခမ်းအနား ကျင်းပရခြင်း ဖြစ်သည်။


မွန်ပြည်နယ်လွှတ်တော် မိတ်ဆက်အခမ်းအနား(မွန်လွှတ်တော်)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts