HomeCovid 19မွန်ပြည်နယ် ခရီးသွားဧည့်သည် ၉၀ ရာခိုင်နှုန်းနီးပါးအထိ ကျဆင်း

မွန်ပြည်နယ် ခရီးသွားဧည့်သည် ၉၀ ရာခိုင်နှုန်းနီးပါးအထိ ကျဆင်း

-

ယဉ်ထောမွန် (၂၂ ဇန်နဝါရီ-၂၀၂၁)

ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်အတွင်း မွန်ပြည်နယ် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်ဝင်ရောက်မှုအခြေအနေ ၉၀ ရာခိုင်နှုန်းနီးပါးအထိ ကျဆင်းသွားကြောင်း မွန်ပြည်နယ်ဟော်တယ်နှင့် ခရီးသွားလုပ်ငန်းဦးစီးဌာနမှ သိရသည်။

“၂၀၁၉ ခုနှစ်မှာဆိုရင် ခရီးသွားဧည့်သည် ၂၈ သိန်းကျော်ရှိရာမှ ၂ဝ၂၀ မှာဆိုရင် ၈ သိန်းကျော်လောက်ပဲရှိတယ် ၊ ဝင်ငွေရရှိမှုဆိုရင်လည်း ၂၀၁၉ မှာကျပ်သိန်းပေါင်း ၃ သောင်းခွဲနီးပါးရရှိရာမှ  ၂၀၂၀ မှာဆိုရင် သိန်း ၁ သောင်း၂ ထောင်လောက်ပဲရရှိတယ်”ဟု  မွန်ပြည်နယ်ဟော်တယ်နှင့် ခရီးသွားလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွဋ်ခိုင်က ပြောသည်။

ယင်းကဲ့သို့ ခရီးသွားဧည့်သည် လာရောက်မှုနည်းပါးသောကြောင့် မွန်ပြည်နယ်ဧည့်လမ်းညွှန်လုပ်ငန်းကိုလည်း ရာနှုန်းပြည့်နီးပါး ရပ်ဆိုင်းထားရကြောင်း မွန်ပြည်နယ်ဧည့်လမ်းညွှန်အသင်း ဥက္ကဌ ဦးမျိုးမင်းက ဆိုသည်။

“အဓိကနစ်နာတာကတော့ Guide တွေပေါ့ သူတို့တွေက လုံးဝအလုပ်လက်မဲ့ဖြစ်သွားတယ်၊ လိုင်စင်ကိုင်ဧည့်လမ်းညွှန်တွေ အယောက်၂၀၀ ခန့်ရှိနေတာ ၁၀ ယောက်လောက်ပဲ နည်းနည်းပါးပါးလုပ်နေတယ်၊ နိုင်ငံတော်ကထောက်ပံ့ကြေးတွေလည်းမရဘူး’’ ဟု ဦးမျိုးမင်းက ပြောသည်။

ထို့ကြောင့် ကိုဗစ်နှင့်အတူယှဉ်တွဲနေထိုင်ကာ မိမိတု့ိ၏ ခရီးသွားလုပ်ငန်းကို ပုံမှန်ပြန်လည်ပတ်စေလိုပြီး မွန်ပြည်နယ်ခရီးသွားလုပ်ငန်းကိုလည်း ယခင်ကထက် ပွင့်လင်းမြင်သာစွာ  အကောင်ထည်ဖော်ဆောင်ရွက်ပေးစေလိုကြောင်းလည်း ၎င်းက ဆက်ပြောသည်။

မွန်ပြည်နယ် ဟိုတယ်လုပ်ငန်းများ ပုံမှန်အနေအထားသို့ ပြန်လည်မဖွင့်လှစ်နိုင်သေးသလို ကိုဗစ်ကာလမတိုင်ခင်က မြန်မာတစ်နိုင်ငံလုံးတွင် ဟိုတယ်နှင့်တည်းခိုရိပ်သာ ၂၀၀၀ ကျော်ရှိခဲ့ရာမှ လက်ရှိုတွင် ၁၀၀၀ ကျော်သာ ဖွင့်လှစ်နိုင်သည်ဟု သိရသည်။ 

Golden River Hotel တာဝန်ရှိသူတစ်ဦးက “ခရီးသွားတွေမရှိတော့ အခက်အခဲက တော်တော်များများကိုဖြစ်သွားတယ် ခရီးသွားတွေပဲမှီခိုနေရတဲ့ လုပ်ငန်းဆိုတော့လေ ဝန်ထမ်းလစာလည်းပေးနေရတော့လေ အားလုံးကအရှုံးနဲ့ပဲ လုပ်နေရတယ်”ဟု ဆိုသည်။ 

လက်ရှိမှာလည်း ပြည်နယ်အစိုးရအဖွဲ့မှ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာစေရန်အတွက် ရေးမြို့နယ် ကဗျာဝကမ်းခြေ၊ မန်ကျည်းကမ်းခြေနှင့် ကျိုက်မရောမြို့နယ်တွင် ရေပူကော့စပ်၊ ဖားပေါင်းဂူ တို့ကိုဖော်ထုတ်ရန် ကွင်းဆင်းလေ့လာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် မြန်မာ့ခရီးသွားလုပ်ငန်း လုံးဝရပ်တန့်လုနီးပါးဖြစ်နေရပြီး ဒေါ်လာ သန်းပေါင်း ၂၃ဝဝ ခန့် ဆုံးရှုံးခဲ့ရသည့် မြန်မာ့ခရီးသွားလုပ်ငန်း ပြန်နာလန်ထူနိုင်ရေးအတွက် အဆင့် သုံးဆင့်နှင့် ပြန်လည်ကုစားနိုင်ရေး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

မော်လမြိုင်-မုတ္တမ ရာမညတံတား ညမြင်ကွင်း (Facebook)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts