Homeသတင်းမွန်လွှတ်တော်ကိုယ်စားလှယ်အဟောင်းနှင့် အသစ် မိတ်ဆက်ပွဲကျင်းပပြုလုပ်သွားမည်

မွန်လွှတ်တော်ကိုယ်စားလှယ်အဟောင်းနှင့် အသစ် မိတ်ဆက်ပွဲကျင်းပပြုလုပ်သွားမည်

-

ဗညားပိုင် (၁၂ ဇန်နဝါရီလ ၂၀၂၁)

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်သက်တမ်းအတွင်း ဆောင်ရွက်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်အဟောင်းနှင့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်အသစ် မိတ်ဆက်ပွဲကို လာမည့် ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်လွှတ်တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း လက်ရှိလွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

“နောက်တက်လာမယ့် လွှတ်တော်ကိုယ်စားလှယ်အသစ်တွေကို ဒုတိယသက်တမ်းမှာဆောင်ရွက်ခဲ့တဲ့ ဆောင်ရွက်ချက်တွေ ပြီးတော့ မှီငြမ်းကိုးကားရမယ့် ဥပဒေတွေ၊ ဒုတိယသက်တမ်းအတွင်းမှာ ဆောင်ရွက်ခဲ့တဲ့ ကော်မတီတွေရဲ့ လုပ်ငန်းစဉ်ဆောင်ရွက်ချက်တွေ အဲ့ဒါတွေအကုန်လုံးကို နောက်တက်လာမယ့် လွှတ်တော်အသစ်တွေရော အဟောင်းတွေရော သူတို့ပိုပြီးတော့သိသွားအောင် မျှဝေပေးမယ့် အစီအစဉ်ရှိတယ်” ဟု ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

သို့ရာတွင် ပြည်နယ်လွှတ်တော်သည် ပြည်ထောင်စုလွှတ်တော်သက်တမ်းနှင့်အညီဖြစ်သည့်အတွက် ဖေဖော်ဝါရီလ ၁ ရက်နေ့၌ စတင်ကျင်းပရမည်ဆိုသော်လည်း ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်အရ ပြည်ထောင်စုလွှတ်တော်စခေါ်သည့်နေ့မှ ၁၅ ရက်အတွင်း ကျင်းပနိုင်သည့်အတွက် မွန်ပြည်နယ်လွှတ်တော် တတိယအကြိမ်အစည်းအဝေးကို လာမည့်ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။

“ဒီဖေဖော်ဝါရီလ ပထမနေ့ အစည်းအဝေးမှာ သဘာပတိကတဆင့် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ရွေးချယ်တဲ့ကိစ္စလည်းပါ တယ်ဆိုတော့ အဲ့ဒီအစီအစဉ်မှာ ဥပဒေတွေ နည်းဥပဒေအရ ဘယ်လိုတွေ ဆောင်ရွက်ထားသလဲဆိုတဲ့ဟာမျိုးကိုလဲ ကျနော်တို့ မိတ်ဆက်ပေးမယ်” ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် မွန်ပြည်နယ်လွှတ်တော်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ၁၉ ဦး၊ မွန်ညီညွတ်ရေးပါတီ ၃ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၁ ဦးနှင့် တပ်မတော်သားကိုယ်စားလှယ် ၈ ဦး စုစုပေါင်း ကိုယ်စားလှယ် ၃၁ ဦးရှိသည်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ခဲ့သော ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်၌ ပုံမှန်အစည်းအဝေး ၁၇ ကြိမ်၊ အရေးပေါ်အစည်းအဝေး ၁ ကြိမ်၊ အထူးအစည်းအဝေး ၂ ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး လာမည့် ဇန်နဝါရီ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

မွန်ပြည်နယ် ၁၀ မြို့နယ်တွင် ဗမာ၊ ကရင်နှင့် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ၃ နေရာရှိသည့်အတွက် လာမည့် တတိယအကြိမ်အစည်းအဝေး လွှတ်တော်သက်တမ်း၌ မွန်ပြည်နယ်လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၁၇ ဦး၊ မွန်ညီညွတ်ရေးပါတီမှ ၆ ဦး၊ တပ်မတော်မှ ၈ ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးရှိမည်ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts