spot_img
Tuesday, June 17, 2025
More
    spot_img
    Homeငြိမ်းချမ်းရေးဘယ်အဖွဲ့ကိုမှ ချန်မထားပဲနဲ့ အားလုံးပါဝင်ဆွေးနွေးတဲ့ပုံစံမျိုး နည်းလမ်းရှာသင့်တယ်-နိုင်ဟံသာ အင်တာဗျူး

    ဘယ်အဖွဲ့ကိုမှ ချန်မထားပဲနဲ့ အားလုံးပါဝင်ဆွေးနွေးတဲ့ပုံစံမျိုး နည်းလမ်းရှာသင့်တယ်-နိုင်ဟံသာ အင်တာဗျူး

    -

    မွန်သတင်းအေဂျင်စီ (ဒီဇင်ဘာ ၁၁)

    လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ဟံသာအား မွန်သတင်းအေဂျင်စီအယ်ဒီတာ ဗညားအောင် တွေ့ဆုံမေးမြန်းသည်။

    မေး- AA ကအစ မြောက်ပိုင်းအင်အားစုတွေအားလုံး NCA လက်မှတ်ထိုးလာအောင် ဘယ်လိုဆောင်ရွက်သင့်ပါသလဲ?

    နိုင်ဟံသာ -AA နဲ့ တပ်မတော် လတ်တလောတိုက်ပွဲတွေမရှိတဲ့အပေါ် ကြိုဆိုတယ် ခုလိုတိုက်ပွဲတွေခေတ္တရပ်သွားတာ ကျနော်တို့အများကြီးဝမ်းသာတယ် ကျနော်တို့ဖြစ်စေချင်တာက တိုက်ပွဲတွေအားလုံးရပ်စဲသွားဖို့ နိုင်ငံရေးနည်းနဲ့ ဆွေးနွေးဖြေရှင်းစေချင်တယ်။ ဒီနေရာမှာ NCA ထိုးပြီးမှပဲ နိုင်ငံရေးဆွေးနွေးပွဲစကားဝိုင်းထဲဝင်ခွင့်ပေးမယ့် တပ်မတော်ရဲ့ ရပ်တည်ချက်က ရှိနေပါတယ်။ တစ်ဖက်က မြောက်ပိုင်းအင်အားစုတွေမှာလည်း ဒီ NCA စာချုပ်အပေါ်မှာ တချို့အပိုင်းကို သူတို့လက်မခံနိုင်တာ ရှိပါတယ်၊ ကျနော်မြင်တာကတော့ သူတို့ပါဝင်လာနိုင်ရေးကိုပေါ့နော် ကျနော်တို့အဓိထား ဇောင်းပေးပြီးတော့ ကျနော်တို့အရင်ညှိနှိုင်းရမယ် ဆွေးနွေးတဲ့အခါကျရင် ဘယ်အဖွဲ့ကိုမှ ချန်မထားပဲနဲ့ အားလုံးပါဝင်ဆွေးနွေးတဲ့ပုံစံမျိုး နည်းလမ်းရှာဖို့သင့်တယ် ဥပမာ သူတို့ NCA မထိုးနိုင်သေးဘူး ထားပါ။ ကိစ္စမရှိဘူးပေါ့နော် ဒါပေမယ့်ငြိမ်းချမ်းရေးကိစ္စဆွေးနွေးတဲ့အခါမှာ သဘောတူညီချက်တွေကို သူတို့သဘောတူလက်ခံလာရင် ဒီကိစ္စတွေ အလိုလိုပြီးသွားမှာပါ။ တချို့အချက်အလက်တွေနဲ့ ပိတ်ဆို့ထားတဲ့သဘောမျိုးလည်း မဖြစ်စေချင်ဘူး NCA ကိုလည်း လိုအပ်ရင် သူတို့နဲ့ပြန်ညှိပေါ့ တချို့ အပိုင်းတွေလိုရင်လည်း ပြန်ပြင်ပေါ့နော် ကျနော်တို့ကတော့ သဘောထားကြီးဖို့လိုတယ်လို့ ကျနော်မြင်တယ်။

    မေး-လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပိုမိုထိရောက်အောင်မြင်နိုင်ဖို့က ဘယ်လို ဆောင်ရွက်ပေးသင့်ပါသလဲ?

    နိုင်ဟံသာ- ကျနော်တို့ကတော့ ဘယ်အဖွဲ့ကိုမှ ချန်မထားပဲနဲ့ လက်နက်ကိုင်ထားတဲ့အဖွဲ့အစည်းတွေအားလုံး ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်နိုင်ရေးကို လမ်းဖွင့်ပေးသင့်တယ် ကျနော်တို့ ကြိုးပမ်းပေးသင့်တယ် သူတို့အားလုံးပါဝင်မှ တစ်ပြည်လုံးအေးချမ်းမယ်လေ ကျနော်တို့ကတစ်နိုင်ငံလုံးငြိမ်းချမ်းရေးအတွက်ကို ကြိုးပမ်းနေတဲ့ကာလဆိုတော့ သဘောထားကြီးကြီးနဲ့အားလုံးပါဝင်နိုင်ရေးကို ကြိုးပမ်းရမယ် နဂိုကတည်းက အားလုံးပါဝင်ရေးကို ကျနော်တို့အဆိုပြုထားတာပဲလေ။  

    မေး-လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ ရှေ့မတိုးနိုင်တဲ့ အဓိကတစ်ဆို့မှုက ဘယ်အချက်တွေလဲ?

    နိုင်ဟံသာ- တစ်ဆို့နေတာအခုထိပါပဲ နောက်ဆုံးစတုတ္ထအကြိမ် ၂၁ ရာစုပင်လုံညီလာခံကျင်းပတာလည်း သဘောကတော့ ညှိနှိုင်းပြီး ရှေ့ဆက်ဆွေးနွေးသွားနိုင်အောင် နည်းနည်းပါးပါး လမ်းဖွင့်ပေးထားတဲ့သဘောလောက်ပဲ ရွေးကောက်ပွဲပြီးရင် အစိုးရအပြောင်းအလဲဖြစ်မယ် အဲဒီမှာ ဆွေးနွေးပွဲတွေ ပြတ်မသွားအောင်ပါ။အဓိက ရှေ့မတိုးနိုင်တာက တပ်မတော်ဘက်က ၂၀၀၈ ဖွဲ့စည်းပုံကို ကိုင်ထားတယ် နောက်တပ်ဖက်မှာလည်း အာဏာကိုမစွန့်လွှတ်ချင်ဘူး နောက်တစ်ခုရှိသေးတာက တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူ ၆ ရပ် ဆိုပြီးတော့မှ သူတို့ချမှတ်ထားတယ် သဘောကတော့ လွှတ်တော်ထဲကနေပဲ ဥပဒေကိုပြင်ဆင်သွားမယ့် ပုံစံမျိုးနဲ့ ချုပ်ကိုင်ထားတယ်လေ ချုပ်လိုက်ရင် တစ်ဆို့မှုတွေက အဲဒါတွေအပေါ်မှာပဲ မူတည်နေတယ်။

    မေး-တပ်ပြန်လည်ပေါင်းစည်းခြင်းနဲ့ပတ်သက်ပြီး ဘယ်လိုဆွေးနွေးခဲ့တာ ရှိပါသလဲ?

    ဖြေ-ဆွေးနွေးပြောဆိုခဲ့တာ ရှိခဲ့ဘူးတယ်၊ ကျနော်တို့တိုင်းရင်းသားတွေဘက်က တစ်ခုတည်းသောတပ်မတော်ကို မူအရကျနော်တို့လက်ခံတယ် ဒါပေမယ့် အဲဒီတပ်မတော်ကို ဘယ်လိုဖွဲ့စည်းသွားမလဲ မေးခွန်းရှိပါတယ်၊ ၂၀၀၈ ဖွဲ့စည်းပုံအရ လက်ရှိတပ်မတော်ပုံစံက ရဲ၊ ပြည်သူ့စစ်၊ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို တပ်မတော်အောက်မှာ ထားတယ်၊ အစိုးရအဖွဲ့မှာလည်း ဝန်ကြီးနေရာယူထားသေးတယ် လွှတ်တော်မှာလည်း ၂၅% ယူထားတာတွေက ဒီမိုကရေစီပုံစံမကျပါဘူး အတွေ့အကြုံအရ ကျနော်တို့တိုင်းရင်းသားတပ်ဖွဲ့တွေအတွက်လည်း အာမခံချက်ရှိဖို့ လိုအပ်ပါတယ် ကျနော်တို့တပ်တွေကို ပြည်နယ်လုံခြုံရေးတပ်အနေနဲ့ ထားပေးဖို့လိုလားတယ် တင်ပြထားတာလည်း ရှိပါတယ် ဒါပေမယ့် တပ်မတော်ဘက်က လက်မခံဘူး၊ တပ်မတော်ပြင်ဆင်ရေးအပိုင်းမှာလည်း အစိုးရနဲ့တပ်မတော်ပဲ ဆွေးနွေးသွားဖို့ရှိပါတယ် ခင်ဗျားတို့ တိုင်းရင်းသားတွေနဲ့မဆိုင်ဘူးလို့ ကျနော်တို့ကို ပြောထားတယ်။ ဒီတော့ အဲဒီအပိုင်းတွေကို ဆက်လက်မဆွေးနွေးဖြစ်တော့ဘူး။

    မေး-ဖြည့်စွက်ပြောကြားပေးပါခင်ဗျား

    နိုင်ဟံသာ- စစ်မှန်တဲ့အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုမျိုး မတည်ဆောက်နိုင်ရင် လက်ရှိဖြစ်ပေါ်နေတဲ့ စစ်မီးတွေ ပြေငြိမ်းသွားလိမ့်မှာမဟုတ်ပါဘူး၊ လက်ရှိအာဏာရ ပုဂ္ဂိုလ်တွေက အများအားဖြင့် ဒီမိုကရေစီကိုပဲ ဦးစားပေးပြီး ပြောဆိုနေကြတယ် ဖက်ဒရယ်ကိုတော့ မပြောချင်ကြဘူး ဒါက အရင်းခံပြဿနာကို ဖြေရှင်းတာ မဟုတ်သေးဘူး အဲပုံစံနဲ့သွားနေရင် ပြည်တွင်းစစ်က ပြီးဆုံးနိုင်မှာ မဟုတ်ဘူး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာလည်း ဝေးနေပါသေးတယ်၊ အဲဒါကြောင့် အားလုံးကို တိုက်တွန်းချင်တာက မိမိတို့နိုင်ငံကိုချစ်ရင် လူထုကိုသနားရင် တကယ့်စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အမြန်ဆုံး အကောင်အထည်ဖော် ကြိုးပမ်းသွားကြပါလို့။ 

    (ပြီး)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,300SubscribersSubscribe
    spot_img

    Latest posts