spot_img
Sunday, May 19, 2024
More
    spot_img
    Homeငြိမ်းချမ်းရေးလက်သန်းနိုင်ငံရေးအပေါ် ယုံကြည်မှုကင်းမဲ့လာပြီး လက်ညှိုးတော်လှန်ရေးဘက်သို့ လူငယ်များအားသန်လာမည်ကို စိုးရိမ်မိကြောင်း မွန်ပြည်သစ်ပါတီခေါင်းဆောင်တစ်ဦးပြောကြား

    လက်သန်းနိုင်ငံရေးအပေါ် ယုံကြည်မှုကင်းမဲ့လာပြီး လက်ညှိုးတော်လှန်ရေးဘက်သို့ လူငယ်များအားသန်လာမည်ကို စိုးရိမ်မိကြောင်း မွန်ပြည်သစ်ပါတီခေါင်းဆောင်တစ်ဦးပြောကြား

    -

    မွန်သတင်းအေဂျင်စီ(ဒီဇင်ဘာ ၁၁)

    ရွေးကောက်ပွဲကျင်းပသော်လည်း ပြည်တွင်းငြိမ်းချမ်းရေးကို ဆက်လက်ဖော်ဆောင်နိုင်ခြင်းမရှိပါက လွှတ်တော်တွင်းလက်သန်းနိုင်ငံရေးအပေါ် ယုံကြည်မှုကင်းမဲ့လာပြီး လက်နက်ကိုင်လမ်းစဉ်ဖြစ်သော လက်ညှိုးတော်လှန်ရေးဘက်သို့ လူငယ်များ အားသန်လာမည်ကို စိုးရိမ်မိကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြည်တွင်းရေးရာဌာန တာဝန်ခံ နိုင်ဗညားလယ်က ပြောသည်။

    နိုင်ဗညားလယ်က “လူငယ်တွေက အများအားဖြင့် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားလာတယ် ရွေးကောက်ပွဲကနေတဆင့် သူတို့မျှော်မှန်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုကိုလည်း မရောက်ဘူး ငြိမ်းချမ်းရေးဖြစ်စဉ်တွေကလည်း မဖြစ်ထွန်းလာဘူးဆိုလို့ရှိရင် လက်သန်းအားကိုးတဲ့ လွှတ်တော်တွင်း နိုင်ငံရေးအပေါ် မျှော်လင့်ချက်တွေကင်းမဲ့လာပြီးတော့ လက်ညိုးအားကိုးတဲ့ လက်နက်ကိုင်တော်လှန်ရေးဘက်ကို ပြန်လည်ပြီး အားသန်လာမှာ ကြောက်တာပေါ့နော်၊ အကယ်၍ လက်ညှိုးတော်လှန်ရေးဘက်ကို အားသန်လာရင် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့တော့ အများကြီးအလှမ်းဝေးနေကြဦးမှာဖြစ်တယ်” ဟု BBC Media Action ခံစားကြည့်အစီအစဉ်တစ်ရပ်တွင် ပြောကြားခဲ့သည်။ 

    ထို့ပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA အကောင်အထည်ဖော်မှုနှင့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးတို့သည် လက်ရှိငြိမ်းချမ်းရေးအပေါ် သက်ရောက်နေကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြည်တွင်းရေးရာဌာန တာဝန်ခံ နိုင်ဗညားလယ်က ပြောသည်။

    “NCA မှာပါရှိတဲ့ တပ်နေရာချထားရေး တပ်နေရာပေါင်းစည်းရေးတို့ကို ဘယ်လိုမျိုး ဆက်လက်ညှိနှိုင်းဆွေးနွေးမလဲ ၂၀၀၈ ဖွဲ့စည်းပုံကို ဘယ်လိုပြင်ဆင်မလဲ ဒီအချက်တွေမှာမူတည်ပြီးတော့ ငြိမ်းချမ်းရေးအပေါ် သက်ရောက်နေတယ်” ဟု ဆိုသည်။ 

    သို့ရာတွင် အမျိုးသားညီညွတ်ရေးအစိုးရကို ဦးဆောင်ဖွဲ့စည်းသွားမည်ဆိုသည့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ သဘောထားကြီးမှုနှင့် တိုင်းရင်းသားပါတီများအား လက်တွဲဖော်ဆောင်နိုင်မှုအပေါ် မူတည်နေကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရတွင် သက်ဆိုင်ရာ တိုင်းရင်းသားကိုယ်စားလှယ်များ ထည့်သွင်းခြင်းအားဖြင့် ငြိမ်းချမ်းရေးအပေါ် ပိုမိုသက်ရောက်မှုရှိလာပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ပိုမိုထိရောက်အောင်မြင်လာမည်ဖြစ်ကြောင်း နိုင်ဗညားလယ်က ယူဆသည်။

    ထို့အတူ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အခြားသောနိုင်ငံရေးအင်အားစုများအား အသိအမှတ်ပြုမှု အပြန်အလှန်လေးစားမှု တန်းတူရည်တူရှိမှုဟူသော အခြေခံမူများဖြင့် ဂုဏ်သိက္ခာရှိစွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ကမ်းလှမ်းဖိတ်ခေါ်သွားရန်၊ အမျိုးသားညီညွတ်ရေးနှင့် အမျိုးသားပြည်လည်သင့်မြတ်ရေးတို့ကို ရှေးရှုသော လုပ်ငန်းစဉ်များကို ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့်ဆင့်တို့တွင်လည်း လက်ရှိနိုင်ငံရေး လိုအပ်ချက်များနှင့်အညီ ချမှတ်အကောင်အထည်ဖော်ဆောင်သွားရန် အကြံပြုတိုက်တွန်းကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော် ABSDF) ဗဟိုကော်မတီက ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

    ကျောင်းသားတပ်မတော် ABSDF ဥက္ကဌ ရဲဘော် သံခဲက “မကြာခင်မှာ စုဖွဲ့တော့မယ့် ပါလီမာန်မှာရှိတဲ့ ကော်မတီတွေ ကော်မရှင်တွေ ဒီလိုဟာမျိုးတွေထဲမှာလည်း အခြားသောမဟာမိတ် တိုင်းရင်းသားပါတီအင်အားစုတွေနဲ့ စုစုစည်းစည်း ညီညီညွတ်ညွတ် တိုင်းပြည်အသွင်ကူးပြောင်းရေးအထိ ဦးတည်နိုင်တဲ့စုဖွဲ့မှုမျိုးတွေ ယုံကြည်မှုတွေနဲ့လက်တွဲဆောင်ရွက်နိုင်မယ့် စုဖွဲ့မှုမျိုးတွေဖြစ်ဖို့လိုအပ်သလို အုပ်ချုပ်ရေးပိုင်း အစိုးရပိုင်းဆိုင်ရာတွေမှာလည်း တစ်နိုင်ငံလုံးနဲ့ပတ်သက်တဲ့ သမ္မတတွေ ဝန်ကြီးဌာနတွေ ဒီလိုစုဖွဲ့မှုမျိုးမှာလည်း စဉ်းစားဖို့လိုတယ် တဆက်ထဲမှာ လက်တွေ့ကျတဲ့အောက်ခြေမှာလည်း ဒေသခံနိုင်ငံရေး အင်အားစုတွေနဲ့ ညှိညှိနှိုင်းနှိုင်း လုပ်နိုင်ဖို့လိုတယ်လို့ ကျနော်တို့ယူဆတယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ထို့အတူ လက်ရှိ ကိုဗစ် ၁၉ ကူးစက်ရောဂါကြောင့် တစ်နိုင်ငံလုံးလူမှုအထွေထွေအကျပ်အတည်းများ ရင်ဆိုင်နေရချိန်တွင် တင်းမာနေသောလက်နက်ကိုင် ပဋိပက္ခများကို အမြန်ဆုံးရပ်တန့်နိုင်ရေးအတွက် အစိုးရ၊ တပ်မတော်နှင့် သက်ဆိုင်ရာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအကြား အမြန်ဆုံးတွေ့ဆုံညှိနှိုင်း အဖြေရှာကြရန် အလေးအနက်ပန်ကြားသည်ဟု ကျောင်းသားတပ်မတော် ဗဟိုကော်မတီက တိုက်တွန်းခဲ့သည်။  မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော် ABSDF) ဗဟိုကော်မတီက ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

    ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် လွှတ်တော်သုံးရပ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် ၉၂၀ ဦးအထိစံချိန်တင် အနိုင်ရခဲ့ပြီး “နောင်အနာဂတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမည့်ပြည်ထောင်စုအရေးကိစ္စကို တက်တက်ကြွကြွပူးပေါင်းပါဝင်ကြလိမ့်မယ်လို့ မျှော်လင့်ကြောင်း” အမျိုးသားညီညွတ်ရေးအစိုးရပုံစံဖွဲ့စည်းပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအရေး ပူးပေါင်းဆောင်ရွက်ဖို့ တိုင်းရင်းသားဆန္ဒ အလေးထားပြီးဆောင်ရွက်မည့် ဘုံရည်မှန်းချက်အတွက် တိုင်းရင်းသားပါတီပေါင်း ၄၈ ပါတီကို နိုဝင်ဘာ ၁၂ ရက်နေ့က လူမှုကွန်ယက်ပေါ်မှ NLD က ထုတ်ပြန် ကမ်းလှမ်းခဲ့သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,800SubscribersSubscribe
    spot_img

    Latest posts