HomeCovid 19ကော့ဘိန်း-မော်လမြိုင် ရမ္မဝတီလိုင်းကားများ ခေတ္တရပ်နား

ကော့ဘိန်း-မော်လမြိုင် ရမ္မဝတီလိုင်းကားများ ခေတ္တရပ်နား

-

ဗညားပိုင် (မော်လမြိုင်၊ သြဂုတ် ၂၈)

လက်ရှိ တဖန်ပြန်လည်ဖြစ်ပေါ်နေသော ကိုဗစ် ၁၉ ရောဂါကြောင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာမှ မော်လမြိုင်မြို့သို့ နေစဉ်ပြေးဆွဲနေသော ရမ္မဝတီလိုင်းကားများ ခေတ္တရပ်နားလိုက်ကြောင်း ကော့ဘိန်းကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်ဟန်ဝင်း ကပြောသည်။

“မြို့နယ်အုပ်ချုပ်ရေးမှူးက ဖုန်းဆက်ပြီးတော့ပြောလာတယ် မော်လမြိုင်သွားတဲ့သူတွေကို တားထားပါလို့၊ ဘာလို့ဆိုတော့ ဒီဘက်ကရွာတွေဆို မော်လမြိုင်ဘက် ဈေးသွားဝယ်တာများတယ်၊ ပြီးတော့ မော်လမြိုင်ကနေ ပြန်လာရင် Quarantine ဝင်ရမယ်၊ အာ့ကြောင့် လိုင်းကားတွေ ရွာကားတွေ အလည်သွားတဲ့သူတွေဆို ကျနော်တို့ပေးမသွားတော့ဘူး။ ပြီးတော့ နယ်ဝေးက လူတွေလည်းလာကြတာရှိနေတော့ အဲဒါကြောင့် ပိတ်လိုက်တာပါ” ဟု နိုင်ဟန်ဝင်း ကဆိုသည်။

မော်လမြိုင်မြို့သို့သွားရာ ကော့မိကျေးရွာလမ်းဝ၌ ခရီးသွားများကို အုပ်ချုပ်ရေးမှူး၊ ရပ်ကျေးအဖွဲ့ဝင်များနှင့် ရဲများ စောင့်ကြပ်စိစစ်ဆောင်ရွက်နေကြောင်း သိရသည်။

ကိုဗစ်ရောဂါတွင် ကူးစက်ပြန့်နှံ့မှုနှုန်းမြင့်မားလာသည့် ရောဂါမျိုးရိုးဗီဇပြောင်းလဲလာသည်ဟု ဆိုသဖြင့် ယခုရက်ပိုင်းအတွင်း လူနာ ၁၀၀ ကျော် စစ်ဆေးတွေ့ရှိခဲ့ရာ၌ ရခိုင်ပြည်နယ်သို့ ခေတ္တခရီးသွားခဲ့သည့် မော်လမြိုင်မြို့မှ လူနာအမှတ် ၄၈၂ အမျိုးသမီးတစ်ဦးတွင် ပိုးတွေ့ရသဖြင့် မွန်ပြည်နယ်တဝန်းရှိ လူထုအကြား စိုရိမ်မှုများ ရုတ်တရက် မြင့်မားလာခြင်း ဖြစ်သည်။

ကော့ဘိန်းရွာသား နိုင်ဇော်မင်းဦးက “မနေ့ကပဲ သူတို့ပိတ်လိုက်တယ် လောလောဆယ်တော့ ရွာသားတွေ အခက်ခဲမရှိဘူးပေါ့နော် ကြာရင်တော့ ရှိမှာပေါ့၊ ပြီးတော့ ရွာသားတွေရဲ့ ဆန္ဒကိုမေးပြီးမှ ပိတ်သင့်တာပေါ့၊ ဘယ်ကအမိန့်ဆိုတာလည်း သူမပြောဘူး ဒီလိုတော့ မဖြစ်သင့်ဘူးလို့ ကျနော်မြင်တာပေါ့နော်။ ပြီးတော့ အထက်ကအမိန့်လား၊ အုပ်ချုပ်ရေးမှူးအမိန့်တစ်ယောက်တည်းလားဆိုတာ ကျနော်တို့မေးထားပါတယ် သူတော့ ဘာမှမပြောရသေးဘူး” ဟု ဆိုသည်။

သို့ရာတွင် မော်လမြိုင်မြို့ပေါ်သို့ ဈေးသွားဝယ်ယူလိုသူ၊ ဆေးရုံ သွားလိုသော ရွာသားများကို ခရီးသွားခွင့်ပြုထားကြောင်း သိရသည်။

“ရောဂါသွားကုတာတို့ ဈေးသွားဝယ်တာတို့ အဲလိုသွားတဲ့ကားကျတော့ ကျနော်တို့ခွင့်ပြုလိုက်တယ်၊ ဘာလို့ဆို သွားလို့မရတော့ဘူးဆိုရင်တော့ ရွာကကုန်ဈေးနှုန်းတွေတက်ပြီး ရွာသားတွေ အခက်ခဲဖြစ်မှာလဲစိုးတယ် အာ့ကြောင့် ဒီနှစ်ခုပဲ ကျနော်တို့ ခွင့်ပြုထားတယ်၊ ပြန်လာရင်လည်း ကျနော်တို့ မထိန်းထားပါဘူးလို့” ဟု နိုင်ဟန်ဝင်းက ဆက်ပြောသည်။

ကော့ဘိန်းကျေးရွာမှ မော်လမြိုင်သို့ ပြေးဆွဲနေသော ရမ္မဝတီလိုင်းကားသည် အစီးရေ (၅၀) ကျော်ရှိပြီး၊ တစ်နေ့လျှင် (၂၀) စီးခန့် အသွားအပြန် ပြေးဆွဲနေကြောင်း သိရသည်။

ထို့အတူ UAE နိုင်ငံမှ ပြန်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် ရေးမြို့နယ်သားတစ်ဦး ရန်ကုန်မြို့တွင် Quarantine ဝင်နေစဉ် ယမန်နေ့တွင် ရေဂါပိုးတွေ့ရှိသဖြင့် လူနာအမှတ် ၅၉၆ အဖြစ် သတ်မှတ်ထားသည်။

ဩဂုတ် ၂၇ ရက် ည ၈နာရီအထိ  မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၆၀၂ ဦး ဖြစ်သည့်အတွက် မြန်မာနိုင်ငံတဝန်း ၃ ရက်အတွင်း လူနာ ၁၂၈ ဦး တိုးလာကြောင်း၊ သြဂုတ်လ ၁၆ ရက်နေ့မှ ယနေ့အထိ အတည်ပြုလူနာသစ် ၂၂၈ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။

Photo- ကော့ဘိန်း-မော်လမြိုင် ရမ္မဝတီလိုင်းကား(MNA)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts