Homeငြိမ်းချမ်းရေး၂၁ ရာစုပင်လုံစတုတ္ထအစည်းအဝေး ဩဂုတ်လ တတိယအပတ်သို့ ရွှေ့ဆိုင်း

၂၁ ရာစုပင်လုံစတုတ္ထအစည်းအဝေး ဩဂုတ်လ တတိယအပတ်သို့ ရွှေ့ဆိုင်း

-

စိုင်းဦး(သြဂုတ် ၂)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုစတုတ္ထအစည်းအဝေးကို မူလသတ်မှတ်ထားသည့် ဩဂုတ်လ ဒုတိယအပတ်မှ တတိယအပတ်သို့ ပြောင်းလဲကျင်းပသွားရန် ရွှေ့ဆိုင်းလိုက်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

“ညီလာခံကျင်းပမဲ့ရက်ကို လာမယ့် ဩဂုတ်လ ၁၉၊ ၂၀၊ ၂၁ ပေါ့နော် အဲမှာ ကျင်းပဖို့ သတ်မှတ်လျာထားတယ်။ တစ်ဖက်မှာလည်း နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲ ကျင်းပမဲ့ ကာလရှိတဲ့အတွက် ဒီထက်လည်း ကျနော်တို့ နောက်ဆုတ်လို့မရဘူးပေါ့နော်” ဟု ဆိုသည်။

လက်ရှိ နေပြည်တော် NRPC ရုံး၌ ဆွေနွေးလျက်ရှိသည့် JMC-S အစည်းအဝေးတွင် KNU အဖွဲ့အစည်းအတွင်း အချို့အခက်အခဲလေးတွေရှိနေသောကြောင့် ဆွေးနွေးပွဲတွေ မပြီးပြတ်ပဲ ဖြစ်နေရကြောင်း ဦးဇော်ဌေးက သတင်းထောက်များကို အရိပ်အမြွက်ပြောကြားခဲ့သည်။

KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက  “ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ပိုပြီး ရှေ့ဆက်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်ဖြစ်တဲ့အတွက် ဒါကို တက်မယ်။ သို့သော်လည်းပဲ ညှိနှိုင်းမှုတွေ အပေါ်မှာတော့ မူတည်တာပေါ့နော်။ ညှိနှိုင်းမှုတွေ အောင်မြင်မှလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှေ့ဆက်သွားနိုင်မယ့် အာမခံချက် တစုံတရာ ရှိလာမှာကိုး။ ဒါကြောင့် ညီလာခံဖြစ်စေချင်ပါတယ်။ တက်လည်းတက်မှာပါ” ဟု ဧရာဝတီသတင်းဌာနသို့ ပြောကြားသည်။ 

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U အစည်းအဝေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေး ယခုရက်ပိုင်းအတွင်းကျင်းပခဲ့ပြီးနောက် ဆက်လက်၍  ယနေ့ညှိနှိုင်းအစည်းအဝေးတွင် (၈) ကြိမ်မြောက် JICM ဆုံးဖြတ်ချက်အမှတ်(၁) ဖြစ်သည့် တစ်ဖွဲ့ချင်းအလိုက် ညှိနှိုင်းအစည်းအဝေး (Bilateral Meeting) နှင့် JMC အစည်းအဝေးများအား အပြိုင်ကျင်းပသွားရန်ဆိုသည့်အပေါ် နှစ်ဦးနှစ်ဖက် အမြင်သဘောထား၊ နားလည်မှုနှင့် ချဉ်းကပ်မှု မတူညီမှုများကို အကျေအလည် ဆွေးနွေးလျက်ရှိကြောင်း၊ အဆိုပါ ၂၁ ရာစုပင်လုံစတုတ္ထအစည်းအဝေးတွင် ချုပ်ဆိုကြမည့် ပြည်ထောင်စု သဘောတူစာချုပ်ပါ အချက်အလက်များကိုလည်း ဆွေးနွေးညှိနှိုင်းမှု မပြီးပြတ်သေးကြောင်း သိရသည်။

ထို့အတူ ညီလာခံကျင်းပမည့် ရက်အတိအကျကို အစိုးရနှင့် NCA လက်မှတ်ထိုး တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အစည်း NCA-S EAO တို့ နှစ်ဖက် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO ဒုဥက္ကဌ ခွန်မြင့်ထွန်းက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

“ ဒါတွေကတော့ ဆွေးနွေးရအုန်းမှာပေါ့ ဒါတွေက အရင်က အကြောင်းအရင်းတွေပေါ့၊ သဘောထားတော့ ရှိခဲ့ကြတယ် ဒါပေမဲ့လို့ ကျွန်တော်တို့ ဒါတွေ ဆွေးနွေးကြရအုန်းမှာ” ဟု ခွန်မြင့်ထွန်းက ဆိုသည်။

ညီလာခံတွင် ချုပ်ဆိုကြမည့် ပြည်ထောင်စု သဘောတူစာချုပ် အပိုင်း ၃ (Union Accord-3) ၌ အခန်း (၁) NCA အကောင်အထည်ဖော်မှုဆိုင်ရာမူဘောင်။ အခန်း (၂) ၂၀၂၀ အလွန် အဆင့်လိုက် အပိုင်းလိုက်အကောင်အထည်ဖော်မှုများ။ အခန်း (၃) ဖက်ဒရယ်လမ်းညွှန်အခြေခံမူ တို့ဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်း နောက်ဆုံးကျင်းပပြီးစီးခဲ့သည့် ၂၁ ရာစုပင်လုံတတိယအစည်းအဝေးတွင် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ညီလာခံ ၃ ကြိမ်ကျင်းပသွားရန် ဆုံးဖြတ်ခဲ့ကြသော်လည်း အထူးသဖြင့် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့အကြား တစ်ဆို့မှုများဖြစ်ပေါ်ကာ ကျင်းပနိုင်ခြင်းမရှိဘဲ ယခုအထိ ရက်ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်သည်။


Photo- သြဂုတ် ၁ ရက်နေ့- အစိုးရနှင့် NCA-S EAO အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေး(MRTV)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts