spot_img
Saturday, May 18, 2024
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်း၂၀၁၅ ရွေးကောက်ပွဲလို NLD အောင်မြင်မှုရလိမ့်မည်မထင်ကြောင်း မွန်ပြည်သစ်ပါတီဥက္ကဌ သုံးသပ်

    ၂၀၁၅ ရွေးကောက်ပွဲလို NLD အောင်မြင်မှုရလိမ့်မည်မထင်ကြောင်း မွန်ပြည်သစ်ပါတီဥက္ကဌ သုံးသပ်

    -

    မွန်သတင်းအေဂျင်စီ( ဇူလိုင် ၇)

    ယခင်ရွေးကောက်ပွဲကတိကဝတ်အတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အာဏာရရှိလာပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် တိုင်းရင်းသားအခွင့်အရေးတို့ ပိုမိုတိုးတက်လာမည်ဟု ယူဆခဲ့ကြသော်လည်း လက်တွေ့ဖြစ်မလာသည့်အပေါ် ဗမာလူမျိုးအပါအဝင် တိုင်းရင်းသားများ ယုံကြည်မှုကျဆင်းလာမှုကြောင့် လာမည့်ရွေးကောက်ပွဲတွင် ၂၀၁၅ လို အောင်မြင်မှုရနိုင်လိမ့်မည်မထင်ကြောင်း မွန်ပြည်သစ်ပါတီ NMSP ဥက္ကဌ နိုင်ဟံသာက သုံးသပ်သည်။

    နိုင်ဟံသာက “၂၀၁၅ ရွေးကောက်ပွဲမှာ သူတို့ပေးထားတဲ့ကတိတွေ သူတို့ပြောထားတဲ့စကားတွေကို အခြေခံပြီးတော့ NLD အာဏာရလာရင် ငြိမ်းချမ်းရေးအတွက် အများကြီးမြန်ဆန်လာမယ် တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ပိုပြီးတော့ ကောင်းမွန်လာမယ်လို့ ကျနော်တို့က တွက်ထားတယ်ခင်ဗျ၊ ဒါပေမယ့် လက်တွေ့မှာတော့ အဲဒီလိုမဟုတ်ဘူး။ ဒါကြောင့် လာမယ့်ရွေးကောက်ပွဲမှာ NLD အနေနဲ့ အရင်ကလို အောင်နိုင်လိမ့်မယ်လို့ အောင်မြင်မှုရလိမ့်မယ်လို့ ကျနော်မထင်ဘူး” ဟု RISE News နှင့် ရုပ်သံအင်တာဗျူးတစ်ခုတွင် သုံးသပ်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

    ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီကာလတွင် “ပြောင်းလဲချိန်တန်ပြီ”ဆိုသည့်ဆောင်ပုဒ်နှင့်အတူ NLD ပါတီက ၁-တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး။ ၂-တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်ရေးကို အာမခံချက် ပေးနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းရေး။ ၃-ပြည်သူလူထုအား တရားမျှတစွာ အကာအကွယ်ပေးမည့် အုပ်ချုပ်မှုစနစ် တစ်ရပ် ပေါ်ပေါက်လာရေး။ ၄-လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေး ဆိုသည့်အချက်များကို ရွေးကောက်ပွဲကြေညာစာတမ်းဖြင့် မဲဆန္ဒရှင်များအား ကတိကဝတ်ပေးခဲ့ခြင်း ဖြစ်သည်။

    “တိုင်းရင်းသားတွေအနေနဲ့ တိုက်ပွဲဝင်တဲ့နေရာမှာ NLD ခေါင်းဆောင်တွေကိုက တိုင်းရင်းသားတွေဖက်မှာ ရပ်တည်ကာကွယ်တဲ့ပုံစံမရှိဘူး၊ ချေမှုန်းဖို့ တိုက်ခိုက်ဖို့ အဲဒီလိုအမြင်တွေ ချမှတ်နေတော့ တိုင်းရင်းတွေဖက်က ယုံကြည်မှု အများကြီးကျသွားပြီဗျ။ လက်နက်ကိုင်ပြီးတိုက်နေတဲ့ တိုင်းရင်းသားတွေချည်းမဟုတ်ဘူးနော် တိုင်းရင်းသားအားလုံးလိုလိုက NLD အစိုးရကို သူတို့ခန့်မှန်းထားသလို တိုင်းရင်းသားတွေရဲ့အခွင့်အရေး ဒီမိုကရေစီအခွင့်အရေး အများကြီးတိုးတက်လာမယ်လို့ တွက်ထားတယ်ဗျ။ လက်တွေ့မှာ ဘာမှမဖြစ်ဘူး၊ မဖြစ်ယုံတင်မကဘူး တိုက်ပွဲဝင်နေတဲ့အင်အားစုတွေကို ချေမှုန်းဖို့ဆိုပြီးတော့မှ တွန်းအားပေးတဲ့ပုံစံမျိုးလည်းတွေ့နေတော့ တိုင်းရင်းသားတွေဘက်က ယုံကြည်မှုအများကြီးကျသွားပြီ” ဟု နိုင်ဟံသာ ဆက်လက်သုံးသပ်ထားသည်။

    ထို့အတူ မွန်ပြည်နယ် ဘီလူးကျွန်းတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ပြောင်းလဲခဲ့သည့် NLD ပါတီအစိုးရ၏ လုပ်ရပ်ကြောင့် ဒေသခံများ၏ကန့်ကွက်မှုများနှင့် ကြုံတွေ့ခဲ့ရပြီး ၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရွေးချယ်ခဲ့စဉ်က ယခင်ရွေးကောက်ပွဲထက် NLD ပါတီ မဲအရေအတွက်တစ်သောင်းကျော်လျော့ကျသွားပြီး ပြည်ခိုင်ဖြိုးပါတီအား မဲအပြတ်အသတ်ရှုံးနိမ့်ခဲ့ကြောင်း တွေ့ရှိရသည်။ 

    မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး(၁) နိုင်လယိတမက “ပြည်နယ်တွေက တိုင်းရင်းသားမဲဆန္ဒရှင်တွေအနေနဲ့ မိမိတို့အမျိုးသားအခွင့်အရေးအတွက် NLD အပေါ်မှာ အားကိုယ်းချင်စိတ် မရှိတော့ဘူးလို့ သုံးသပ်မိတယ်၊ အရင်ရွေးကောက်ပွဲတွေမှာ NLD ပါတီအနိုင်ရခဲ့တဲ့နေရာတွေမှာ တိုင်းရင်းသားပါတီတွေ အစားထိုးဝင်ရောက်လာလိမ့်မယ်လို့ မြင်တယ်” ဟု ပြောသည်။   

    ထို့အပြင် တစ်နိုင်ငံလုံးအတိုင်းအတာအရ ၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၉၄ ဦးပါဝင်ယှဉ်ပြိုင်ခဲ့စဉ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၄၇ ဒဿမ ၃၇ ရာခိုင်နှုန်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD)က ၃၁ ဒဿမ ၅၈ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ကြောင်း ISP-Myanmar က ထုတ်ပြန်ခဲ့သည်။

    သို့ရာတွင် NLD ပါတီ ဒုဥက္ကဌ ဒေါက်တာဇော်မြင့်မောင်က “အစိုးရဖွဲ့နိုင်တဲ့ နိုင်ခြင်းနည်းနဲ့ နိုင်အောင်တော့ ကျနော်တို့ကြိုးစာရမှာပေါ့နော်။ ပြည်နယ်မဟုတ်ဘဲ တိုင်းတွေမှာတော့ နိုင်ခဲ့တဲ့နေရာတွေမှာ မူလအတိုင်းနိုင်အောင်တော့ ကြိုးစားရမှာပေါ့။ တခြားနေရာတွေမှာတော့ ကျနော်တို့ အောင်မြင်မှုရနိုင်မလားဆိုတဲ့ စစ်တမ်းလေးတွေ လုပ်ပေးပြီးတော့ ကြိုးစားရမှာပေါ့။ ဆိုလိုချင်တာကတော့ တိုင်းရင်းသားမျိုးနွယ်စုတွေနဲ့ပဲ ပြည်နယ်တွေမှာ ဝင်ပြိုင်မယ်၊ အဲ့ဒါက သေချာပါတယ်။” ဟု ဧရာဝတီသတင်းဌာနနှင့် သီးသန့်အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။


    Photo- မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ဟံသာ (MNA)

    ဆက်စပ်သတင်း

    1 COMMENT

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,700SubscribersSubscribe
    spot_img

    Latest posts