မွန်သတင်းအေဂျင်စီ (ဇူလိုင် ၇)
ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကြိုတင်ဆန္ဒမဲပေးခွင့်ရှိစေရန် ပုံစံ (၁၅) များကို လူကိုယ်တိုင်ဖြစ်စေ ကိုယ်စားလှယ်ဖြစ်စေ Website များမှဖြစ်စေ Download ရယူနိုင်ကြောင်း ဘန်ကောက်မြို့ မြန်မာသံရုံးက အသိပေးကြေညာချက်ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် မိမိတို့နေထိုင်ခဲ့သော ရပ်ကွက်/ကျေးရွာ၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲများသို့ ဆန္ဒမဲပေးပို့ပါရန် တောင်းဆိုသည့် ပုံစံ (၁၅) များကို ဇူလိုင်လ ၃ ရက်နေ့မှစ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် Website: www.uec.gov.mm နိုင်ငံခြားရေးဝန်ကြီးဌာန Website: www.mofa.gov.mm သံရုံး Website: www.mebangkok.org တို့မှ Download ရယူနိုင်ပါကြောင်းနှင့် ဘန်ကောက်မြို့မြန်မာသံရုံး၊ ဘန်ကောက်၊ ချင်းမိုင်း၊ မဲဆောက်နှင့် ရနောင်းရှိ အလုပ်သမားသံအရာရှိရုံးသို့လည်း ကိုယ်တိုင်ဖြစ်စေ ကိုယ်စားလှယ်ဖြစ်စေ အခမဲ့လာရောက်ထုတ်ယူနိုင်ကြောင်း ကြေညာထားသည်။
ကြိုတင်ဆန္ဒမဲပေးလိုသူ မဲဆန္ဒရှင်များမှ အဆိုပါ ပုံစံ(၁၅) များအား အချက်အလက်ပြည့်စုံမှန်ကန်စွာဖြည့်သွင်း လက်မှတ်ရေးထိုးပြီး သံရုံးသို့ ဇူလိုင်လ ၁၆ ရက်နေ့မှ သြဂုတ်လ ၅ ရက်နေ့အတွင်း ပြန်လည်ပေးပို့ရပါမည်။
ထိုသို့ပြန်လည်ပေးပို့ရာတွင် ကာယကံရှင်ကိုယ်တိုင်ဖြစ်စေ ကိုယ်စားလှယ်ဖြစ်စေ စာတိုက်မှဖြစ်စေ သံရုံးလိပ်စာ No.110, Sathom Nua Road, Bangkok 10500 သို့၎င်း၊ သံရုံးအီးမေးလ် info@mebangkok.com သို့ဖြစ်စေ ပြန်လည်ပေးပို့နိုင်ပါကြောင်းနှင့် ပုံစံ(၁၅) နှင့်အတူ မိမိကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံကူးလက်မှတ်မိတ္တူ၊ ဆက်သွယ်ရမည့်ဖုန်းနံပါတ်၊ အီးမေးလ်တို့အား တစ်ပါတည်း ပူးတွဲပေးပို့ရန် မေတ္တာရပ်ခံထားသည်။
အဆိုပါ ပုံစံ(၁၅) ဖြည့်သွင်းရာတွင် မြန်မာအက္ခရာ သို့မဟုတ် အင်္ဂလိပ်အက္ခရာဖြင့် ပြည့်စုံစွာရေးသား၍ လက်မှတ်ထိုးရန်သို့မဟုတ် လက်ဗွေနှိပ်ထားရန်နှင့် အထူးသတိပြုရမည့်အချက်မှာ အမှတ်စဉ် (၈) တောင်းဆိုသူ၏ ယခုရောက်ရှိနေသည့် ရပ်ကွက်/ကျေးရွာ၊ မြို့နယ်/ဌာန(ပြည်တွင်း) ဆိုသည့်နေရာအား ချန်လှပ်ထားရမည်ဖြစ်သည်။
ထို့အပြင် အစိုးရခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိနေသူဟုတ်/မဟုတ်၊ သက်တမ်းရှိသော တရားဝင်မြန်မာနိုင်ငံကူးလက်မှတ်တစ်မျိုးမျိုး ကိုင်ဆောင်ထားခြင်းရှိမရှိကိုလည်း စိစစ်သွားမည်ဖြစ်ပါသည်။
ထိုင်းနိုင်ငံရောက် မဲဆန္ဒရှင်များအနေဖြင့် ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့မတိုင်ခင်တွင် ကြိုတင်မဲထည့်ရမည့်နေ့ရက်နှင့် နေရာတို့ကို သံရုံးမှဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။