ဗညားပိုင်(မေ ၄)
တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအနီး ကြောင်လျှာကွင်းဒေသအနီးတဝိုက်တွင် ယနေ့မွန်းလွဲ ၁ နာရီခန့်၌ အရပ်သားခြံသမားအမျိုးသားတစ်ဦး မြေမြှုပ်မိုင်းထပ်မံနင်းမိပေါက်ကွဲသဖြင့် ညာဘက်ခြေချင်းဝတ် ပြတ်တောက်သွားကြောင်း သတင်းရရှိသည်။
ကြောင်လျှာကွင်း၌ ဥယာဉ်ခြံလုပ်ကိုင်သူ ရေးမြို့နယ် ဟံဂံကျေးရွာသား နိုင်ထွန်း( အသက် ၃၇ နှစ်) သည် ခြေလျင်ဖြင့် ရွာသို့အပြန် မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း အလယ်စခန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်စန်းက ပြောသည်။
၎င်းက “သူတို့ပြောတာကတော့ မနေ့ညက ခြံမှာအိပ်ခဲ့တယ်၊ ဒီနေ့ နေ့လည် ၁ နာရီလောက်မှာ ခြံကနေ ပြန်လာတယ် လမ်းမှာပဲနင်းမိပြီး ညာဘက်ခြေထောက် ပြတ်သွားတယ်၊ ညနေ ၃ နာရီလောက်က အလယ်စခန်းကနေ မော်လမြိုင်ဆေးရုံသို့ ပို့လိုက်တယ်” ဟု ဆိုသည်။
အလားတူ ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့က ရေဖြူမြို့နယ်အတွင်း မြေမြှုပ်မိုင်း ၂ လုံး နေရာ ၂ ခု၌ အရပ်သားခြံသမား ၂ ဦးနင်းမိပေါက်ကွဲသဖြင့် ရေးမြို့ပြည်သူ့ဆေးရုံ၌ ခြေထောက်တစ်ဖက်စီ ဖြတ်တောက်ခဲ့ရကြောင်း သတင်းများတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။
အဆိုပါ မြေမြှုပ်မိုင်းသည် ကြောင်လျာကွင်းတဝိုက်၌ လှုပ်ရှားနေသည့် ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ လက်ချက်သာ ယူဆစရာရှိကြောင်း အမည်မဖော်လိုသော မွန်ပြည်သစ်အရာရှိတစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။
“ ဒီနေရာမှာတဝိုက်မှာ ကျနော်တို့မွန်တိုင်းရင်းသားတွေ ဥယာဉ်ခြံတွေစိုက်ပျိုးနေတာကို အနှောက်အယှက်ပေးလိုတဲ့ လက်နက်ကိုင်အုပ်စုတွေရှိနေတယ်၊ အရပ်သား ခြံသမားတွေကို အဓိကပစ်မှတ်ထားပြီး မိုင်းထောင်နေတာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ မြေမြှုပ်မိုင်းမကြာခဏပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သည့် ရေဖြူမြို့နယ်တဝိုက်တွင် NCA လက်မှတ်ရေးထိုးထားသည့် မွန်ပြည်သစ်ပါတီ NMSP ထားဝယ်ခရိုင်နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ လှုပ်ရှားလျက်ရှိသည့်အပြင် ကရင်ပြည်သူ့စစ်အဖွဲ့ငယ်များလည်း ရှိနေကြောင်း စုံစမ်းသိရှိရသည်။
၂၀၁၈ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ရေဖြူမြို့နယ်၌ လက်သည်မပေါ် မြေမြှုပ်မိုင်းပေါက်ကွဲမှု ၁၀ ကြိမ်ထက်မနည်းဖြစ်ပေါ်ခဲ့မှုကြောင့် အရပ်သားများထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် သက်ဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC အဆင့်ဆင့်မှ အရေးယူဆောင်ရွက်ခဲ့ခြင်းမရှိပေ။