HomeCovid 19ကော့ဒွတ်ရွာ CBFQ စခန်း၌ စည်းကမ်းဖောက်ဖျက်သူတစ်ဦး ထောင်ဒဏ် (၃) လ ချမှတ်ခံရ

ကော့ဒွတ်ရွာ CBFQ စခန်း၌ စည်းကမ်းဖောက်ဖျက်သူတစ်ဦး ထောင်ဒဏ် (၃) လ ချမှတ်ခံရ

-

မင်းသစ္စာခိုင် (ဧပြီ-၂၂)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကော့ဒွတ်ကျေးရွာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့သည့် Community Base Facilities Quarantine-CBFQ စခန်း၌ စည်းကမ်းဖောက်ဖျက်ခဲ့သူတစ်ဦးကို ရေးမြို့နယ် တရားရုံးက ထောင်ဒဏ် (၃) လ ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာအမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ခြင်းကြောင့် (၁၉၉၅) ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေအရ ကျူးလွန်သူ မျိုးနိုင်ဦး(ခေါ်) မျိုးလှိုင်ဦး အသက်-၃၂ နှစ်အား ထောင်ဒဏ် (၃) လ ကျခံစေရန် ဧပြီလ ၂၁ ရက်နေ့တွင် ရေးမြို့နယ်တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“စခန်းမှာ ချမှတ်ထားတဲ့စည်းကမ်းအတိုင်းလည်း သူကမနေဘူး။ ထွက်ပြေးတယ်။ အိမ်ပြန်သွားတယ်။ ပြန်ခေါ်လာတာ ၂ ခေါက်လောက်ရှိတယ်။ နောက်ပိုင်း ကျောင်းကခုံတွေကို ရိုက်ချိုးတယ်။ ရေသန့်ဘူးတွေကို ဖျက်ဆီးတယ်။ သူက တရားလွန်တာပါ။ သက်ဆိုင်ရာ ကျန်းမာရေးတာဝန်ခံတွေ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရော၊ ရဲစခန်းပါ အကြောင်းကြားလိုက်တယ်။ ဥပဒေကို ချိုးဖောက်လို့ ဆိုပြီး ထောင် (၃) လ ချခံလိုက်ရတယ်” ဟု ကော့ဒွတ်ကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်မောင်က ဆိုသည်။

ထိုင်းနိုင်ငံမှပြန်လာသော အဆိုပါ မျိုးနိုင်ဦးသည် ကျေးရွာ CBFQ စခန်း၌ နေထိုင်စဉ် ဧပြီလ ၁၈ ရက်နေ့တွင် ကျောင်းပိုင်ပစ္စည်းများဖျက်ဆီးခြင်း၊ ချမှတ်ထားသောစည်းကမ်းချက်များကို မလိုက်နာခြင်းတို့ကြောင်း အရေးယူခံရခြင်း ဖြစ်သည်ဟု ကော့ဒွတ်ကျေးရွာ အုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။

ကော့ဒွတ်ကျေးရွာ CBFQ ဝင်ရောက်နေထိုင်ခဲ့သူ အမျိုးသား (၈) ဦးနှင့် အမျိုးသမီး (၈) ဦး စုစုပေါင်း (၁၆) ဦး တို့သည် ယခုအခါသတ်မှတ်ရက်ပြည့်သဖြင့် ၎င်းတို့နေအိမ်အသီးသီးထံသို့ ပြန်သွားကြကြောင်း အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

Covid-19 ရောဂါထိန်းချုပ်ရေးကာလအတွင်း သောင်းနှင့်ချီသော ထိုင်းနိုင်ငံမှပြန်လာသူများအနက် မွန်ပြည်နယ်မှ ကျိုက်မရောမြို့နယ်တွင် နေထိုင်သော အသက် (၂၄)နှစ်အရွယ် အမျိုးသမီးတစ်ဦးတည်းသာ  ဓာတ်ခွဲအတည်ပြုလူနာ (Case-027) အဖြစ် ရောဂါပိုးတွေ့ရှိခဲ့သေးသည်။ 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဧပြီလ (၂၁) ရက်နေ့အထိ Covid-19 ရောဂါပိုးတွေ့ရှိသူ (၁၂၁) ဦး၊ ပြန်လည်ကောင်းမွန်လာသူ (၉) ဦးနှင့် သေဆုံးသူ (၅) ဦးရှိကြောင်း သိရသည်။

Photo- CBFQ စခန်းဖွင့်လှစ်ခဲ့သည့် ကော့ဒွတ်ကျေးရွာ အထက်တန်းကျောင်း (MNA)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts