Wednesday, May 6, 2026
More
    spot_img
    Homeသတင်းပြည်တော်ပြန် မြန်မာလုပ်သားများ ကျန်းမာရေး အစစ်ဆေးခံယူရန် လိုအပ်

    ပြည်တော်ပြန် မြန်မာလုပ်သားများ ကျန်းမာရေး အစစ်ဆေးခံယူရန် လိုအပ်

    -

    အဂ္ဂနွန် (မော်လမြိုင်၊ မတ် ၂၆)

    ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်ကျန်းမာရေး အခြေအနေဖြစ်နေသည့်ကာလတွင် ပြည်တော်ပြန် မြန်မာလုပ်သားများ ကျန်းမာရေး အစစ်ဆေးခံယူရန် လိုအပ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်သားရေးရာ ဝန်ကြီး စောအောင်မြင့်ခိုင်က ပြောကြားသည်။

     “တချို့အစစ်ဆေးမခံတဲ့ဟာမျိုးဆိုရင် ရောဂါထိန်းချုပ်မှုလုပ်တဲ့နေရာမှာ အခက်အခဲပိုဖြစ်စေနိုင်တယ်၊ ကူးစက်မှုကိုပိုပြီးဖြစ်စေနိုင်တယ်။ တစ်ချို့ ကျွန်တော်တို့လူထုက ဘယ်လိုဖြစ်လဲဆိုလို့ရှိရင် သူတို့က ကိုယ့်ကိုယ်အစစ်ဆေးခံဖို့ကို ပိုဝန်လေနေတာ အဲ့ပုံစံမျိုးလည်းရှိတယ်” ဟု ဝန်ကြီး စောအောင်မြင့်ခိုင်က ပြောသည်။

    ထိုင်းနိုင်ငံမှ မြဝတီလမ်းကြောင်းမှတဆင့် မွန်ပြည်နယ်သို့ ပြန်လာမည့်သူများကို မတ်လ ၂၄ ရက်နေ့ ညနေပိုင်းက ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်သည့်အဖွဲ့ သွားရောက်ခေါ်ဆောင်သည့် အစီအစဉ်နှင့် လိုက်ပြန်သူများရှိသလို မိမိအစီအစဉ်နှင့် ပြန်လာသူများလည်း ရှိကြောင်း ဝန်ကြီး ဆိုသည်။

    ကရင်တိုင်းရင်းသားရေးရာဝန်ကြီးက “ကျွန်တော်တို့ကားနဲ့ ပြန်လာတာ သူတို့နည်းနည်း ကသိကအောက်ဖြစ်မလားမသိပါဘူး၊ တချို့ကျတော့ သူ့ပစ္စည်းများလို့ ကျွန်တော်တို့တင်တဲ့ကားနဲ့ မပြန်လာတာရှိနိုင်တယ်၊ တချို့ကျတော့ ကျွန်တော်က ကားပေါ်မတင်ခင် တဆင့်ပြန်စစ်ဆေးလို့ ပြန်တန်းစီရလို့ စိတ်ညစ်တာလည်းပါတယ်၊ အဲ့ဒီထဲမှာ မဝင်ဘဲ သူဟာနဲ့သူ ပြန်တာ တစ်ဝက်ကျော်ကျော်ရှိတယ်။” ဟု ပြောသည်။

    နယ်စပ်ဂိတ်မှ ကျန်းမာရေးစစ်ဆေးပြီးနောက် နေရပ်သို့ ပြန်လည်ပို့ဆောင်မည့်ကားပေါ်မတင်မီ  ကျန်းမာရေးထပ်မံစစ်ဆေးခြင်း၊ ကားပေါ်မှ အသိပညာပေးခြင်းတို့ကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

    မတ်လ ၂၄ ရက်နေ့ စာရင်းအရ မြန်မာနိုင်ငံထဲသို့ ပြန်လည်ဝင်ရောက်လာသူ ၄၅၀၀ ကျော်ရှိပြီး မွန်ပြည်နယ်သို့ ပြန်သူ ၆၄၃ ဦးရှိကြောင်း သိရသည်။

    နိုင်ငံခြားပြန် မြန်မာလုပ်သားများမှ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးပါလာပါက မိမိတို့၏ မိသားစုနှင့် ပတ်ဝန်းကျင် လူထုများကိုပါ ထိခိုက်နိုင်သောကြောင့် ကျန်းမာရေးဌာန၏ ညွှန်ကြားမှုအတိုင်း တိတိကျကျလိုက်နားရန် အထူးပင် လိုအပ်ကြောင်း သက်ဆိုင်ရာများက တိုက်တွန်းထားသည်။

    နိုင်ငံခြားပြန်အလုပ်သမားများအနေဖြင့် ကျန်းမာရေး စစ်ဆေးခံယူခြင်းနှင့် ပြန်ရောက်ပြီးနောက် အပြင်ထွက်သွားလာခြင်းမပြုလုပ်ဘဲ Home quarantine ၁၄ ရက် ပြုလုပ်ခြင်းသည် ရောဂါကူးစက်ပြန့်ပွားမှု လျော့ကျစေမည်ဖြစ်ကြောင်း ကျန်းမာရေးဌာနများက အသိပေးပြောကြားထားသည်။

    “ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ဘယ်လိုနေထိုင်ရမလဲဆိုတဲ့ဟာကို လိုက်နာဖို့ ပိုပြီးအရေးကြီးတယ်၊ လူထူထပ်တဲ့နေရာ မသွားနဲ့ မဖြစ်မနေသွားရမယ်ဆိုရင် ဘာပဲကိုင်တွယ်တွယ် ထိတွေ့ထိတွေ့ လက်ကို မကြာမကြာဆေးပါ” ဟု မွန်ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောသည်။

    မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိသူ ၃ ဦးအလုံး ဖျားနာခြင်းမရှိသလို လက်ရှိကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

    Photo- ပြည်တော်ပြန် မြန်မာလုပ်သားများ မြဝတီချစ်ကြည်ရေး အမှတ်(၂) တံတား ကျော်ဖြတ်စဉ်(Ag Tin KoKo)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,700SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks