Homeငြိမ်းချမ်းရေးJICM အကောင်အထည်ဖော်ရေး အစိုးရနှင့်သဘောတူညီချက်များ ရှေ့သို့တစ်ဆင့်တက်လှမ်းနိုင်ခဲ့ဟု အပစ်ရပ်တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်ပြောကြား

JICM အကောင်အထည်ဖော်ရေး အစိုးရနှင့်သဘောတူညီချက်များ ရှေ့သို့တစ်ဆင့်တက်လှမ်းနိုင်ခဲ့ဟု အပစ်ရပ်တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်ပြောကြား

-

မွန်သတင်းအေဂျင်စီ(မတ်လ ၈ ရက်)

JICM အကောင်အထည်ဖော်ရေး တတိယအကြိမ်မြောက်အစည်းအဝေးတွင် အစိုးရနှင့် သဘောတူညီချက်များရရှိပြီးနောက် ရှေ့သို့တစ်ဆင့်တက်လှမ်းနိုင်ခဲ့ကြောင်း အပစ်ရပ်တိုင်းရင်းသားအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက သူ၏နိဂုံးချုပ်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)၏ အစည်းအဝေးဆုံးဖြတ်ချက်များ အကောင်အထည် ဖော်ရေးအတွက် အစိုးရကိုယ်စားလှယ်များနှင့် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (NCA-S EAO) တို့၏ နှစ်ဖက် အလုပ်အဖွဲ့ ညှိနှိုင်း အစည်းအဝေးကို ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၌ မတ်လ ၆ နှင့် ၇ ရက်နေ့များတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

“ဒီအစည်းအဝေးမှာ နှစ်ဖက်ညှိနှိုင်းအဖွဲ့တွေက ပြန်လည်ယူဆောင်လာတဲ့ အဆိုပြုချက်တွေကို အသေးစိတ်ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ပြီး သဘောတူညီချက်တွေ ထပ်မံရရှိခဲ့ပါတယ်” ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။ 

ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃) အဖြစ်ချုပ်ဆိုမည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ သဘောတူညီချက်၊ ၂၀၂၀ အလွန် အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည် ဖော်မှုကိစ္စများ၊ ဖက်ဒရယ်အခြေခံမူများကို ဆွေးနွေးညှိနှိုင်းသဘောတူညီခဲ့သည်ဟု ၎င်းကဆက်ပြောသည်။

ထို့အတူ အဆိုပါသဘောတူညီချက်များကို သက်ဆိုင်ရာမိမိအဖွဲ့အစည်းသို့ယူဆောင်သွားပြီး မတ်လ ၁၀ ရက်မှ ၁၂ ရက်အထိ နေပြည်တော်တွင်ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းဝေး၌ ဆက်လက်ဆွေးနွေးဆုံးဖြတ်အတည်ပြုမည်ဖြစ်ကြောင်း၊ ထို့နောက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပပြီး ၂၁ ရာစု ပင်လုံ အစည်းအဝေးကို ကျင်းပနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အစိုးရငြိမ်းချမ်းရေးအကြံပေး ဦးလှမောင်ရွှေက ပြောသည်။

“လာမယ့် ၁၀ ရက် UPDJC အတွင်းရေးမှူးအစည်းအဝေးနဲ့ ၁၂ ရက်နေ့မှာ ကျွန်တော်တို့ UPDJC အစည်းဝေး နေပြည်တော်မှာ ရှိတယ်။ အဲဒါ တွေပြီးရင်တော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ၊ လုပ်ငန်းကော်မတီတွေ၊ ပြီးရင် ညီလာခံအထိ ဆက်သွားမှာပါ” ဟု ၎င်းက ပြောသည်။

သို့ရာတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအကြိမ်အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဧပြီလကုန်ပိုင်းတွင် ကျင်းပရန်လျာထားသော်လည်း ကျင်းပနိုင်ရေး မသေချာသေးကြောင်းနှင့် ဆက်လက်ဆောင် ရွက်မည့် ဆွေးနွေးညှိနှိုင်းမှုများ အဆင်ပြေမှသာ ကျင်းပနိုင်မည် ဖြစ်ကြောင်း အစိုးရနှင့် NCA-S EAO ညှိနှိုင်းဆွေးနွေးပွဲအပြီးတွင်  ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ကိုယ်စားလှယ် ဒေါ်စောမြရာဇာလင်းက သတင်းမီဒီယာများကို ပြောကြားသည်။

ဒေါ်စောမြရာဇာလင်းက ‘‘အချိန်ကိုက် လုပ်ဖို့ဟာက လိုက်လို့မမီနိုင်တာတွေရှိနေသေး တယ်။ အဲဒါကြောင့်မို့လို့ ဧပြီလအတွင်းမှာ UPC ဖြစ်လာဖို့ဆိုတာ မသေချာသေးဘူး။ ဒါပေမဲ့ ဧပြီလအတွင်းမှာ အစည်းအဝေးတွေရှိနေတယ်။ အဲဒီအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါတယ်’’ဟု ပြောကြားသည်။

၂၀၁၈ ဇူလိုင်လက ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံ(တတိယအစည်းအဝေး) အပြီးတွင် ငြိမ်းချမ်းရေး ဆွေးနွေးမှုလုပ်ငန်းစဉ်များ တစ်ဆို့လာသည့်အတွက် တစ်နှစ်ခွဲ ကျော်ကြာသည်အထိ  ဆက်လက်မကျင်းပနိုင်ခဲ့ကြောင်း၊ ထို့နောက် ၈ ကြိမ်မြောက် JICM အစည်းအဝေးကို ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ကျင်းပခဲ့ပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖော်နိုင်ရန် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဆက်လက်ဆွေးနွေးညှိနှိုင်းနေရဆဲဖြစ်သည်။

Photo-အစိုးရနှင့် NCA-S EAO ညှိနှိုင်းအစည်အဝေး (Hla Maung Shwe)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts