spot_img
Wednesday, February 4, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးမွန်ပြည်သစ်ပါတီ ဂျပန်ရေတွင်းစခန်းကို တပ်မတော်နှင့်ကရင် BGF တပ်ဖွဲ့တို့ဝင်ရောက်လာသဖြင့် တိုက်ပွဲဖြစ်ပေါ်၍ ရွာသားများထိုင်းနိုင်ငံဘက်သို့ထွက်ပြေး

    မွန်ပြည်သစ်ပါတီ ဂျပန်ရေတွင်းစခန်းကို တပ်မတော်နှင့်ကရင် BGF တပ်ဖွဲ့တို့ဝင်ရောက်လာသဖြင့် တိုက်ပွဲဖြစ်ပေါ်၍ ရွာသားများထိုင်းနိုင်ငံဘက်သို့ထွက်ပြေး

    -

    မွန်သတင်းအေဂျင်စီ-(နိုဝင်ဘာ-၂၇)

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ချုပ်ဆိုထားသော မွန်ပြည်သစ်ပါတီ တပ်တည်စခန်းတစ်ခုဖြစ်သည့် ဂျပန်ရေတွင်းရွာနှင့်အနီးပတ်ဝန်းကျင်တဝိုက်ကို တပ်မတော်နှင့် ကရင်နယ်ခြားစောင့်ပူးပေါင်းတပ်ဖွဲ့တို့ ယနေ့တွင် ဝင်ရောက်လာသဖြင့် တိုက်ပွဲဖြစ်ပေါ်၍ ဒေသခံရွာသားများ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးနေရကြောင်း သတင်းရရှိသည်။

    “လောလောဆယ် ဒုက္ခသည်အရေအတွက် ဘယ်လောက်ရှိသလဲဆိုတာ စာရင်းအတိအကျမရနိုင်သေးဘူး၊ ဒီဂွတ်ချ(မီးသွေးဖို) ဘုန်းကြီးကျောင်းတစ်နေရာမှာပဲ ၅၀၀ ထက်မနည်းရှိပါလိမ့်မယ်၊ ဝင်းကတို့ စံခလယ်တို့ဘက်ကိုလည်း ရောက်သွားတာလည်း မနည်းလှဘူး၊ ဘုရားသုံးဆူဘက်မှာလည်း ရှိသေးတယ်၊ သူတို့အတွက် အစားအသောက်နဲ့ နေရေးထိုင်ရေးအဆင်ပြေဖို့ အရင်ဦးစားပေးဆောင်ရွက်နေရတယ်” ဟု ဝင်းကရွာ အကူအညီပေးရေးအဖွဲ့မှ နိုင်အောင်ပိုင်က ပြောသည်။

    ထိုင်းအာဏာပိုင်တို့က အဆိုပါ စစ်ဘေးရှောင်ထွက်ပြေးလာသူများကို အနီးကပ်စောင့်ကြည့်လျက်ရှိပြီး ဒေသခံလူမှုအဖွဲ့အစည်းများက လိုအပ်သောအကူအညီများ ဆောင်ရွက်ပေးလျက်ရှိသည်ဟု ၎င်းကဆိုသည်။

    “ဒီနေ့ မွန်းလွဲ ၃ နာရီလောက်မှာ ကျနော်တို့ရဲ့ ဂျပန်ရေတွင်းတပ်စခန်းကို သူတို့(တပ်မတော်) ဝင်ရောက်နေရာယူလိုက်ပါပြီ၊ နောက်ပြီး ဂျပန်ရေတွင်း ဘုန်းကြီးကျောင်းနဲ့ ဘောလုံးကွင်းဘက်မှာလည်း သူတို့နေရာယူထားပြီးပြီ၊ တဖက်မှာတော့ ကျနော်တို့တပ်ဖွဲ့တွေရှိနေတယ်၊ သူတို့တပ်ဖွဲ့အင်အား တော်တော်များတယ်၊ ၁၀၀ ကျော်လောက်ရှိတယ်၊ ရွာသားတွေအားလုံး ထွက်ပြေးကုန်ပြီ” ဟု မွန်ပြည်သစ်ပါတီ စစ်ဦးစီးချုပ် ဗိုလ်ချုပ်လယီကောင်းက မွန်သတင်းအေဂျင်စီသို့ ပြောသည်။ 

    တပ်မတော်နှင့် ကရင်နယ်ခြားစောင်တပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာ ၂ ရွာနှင့် မွန်ပြည်သစ်ပါတီအခြေစိုက်တပ်စခန်းတစ်ခုကို ထိန်းချုပ်ထားလိုက်ပြီး အိမ်ခြေ ၃၀၀ ဝန်းကျင်ခန့်ရှိ ဂျပန်ရေတွင်းကျေးရွာနှင့် အိမ်ခြေ ၁၀၀ ဝန်းကျင်ခန့်ရှိ ကြံတောရွာသားအားလုံး လတ်တလောတွင် နေအိမ်များမှထွက်ပြေးတိမ်းရှောင်နေရကြောင်း ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

    ယင်းကဲ့သို့ နေအိမ်မှထွက်ပြေးလာရသဖြင့် အဆိုပါနေအိမ်များရှိ အသုံးအဆောင်ပစ္စည်းများ၊ တန်ဘိုးရှိပစ္စည်းများ၊ အိမ်မွေးတိရိစ္ဆာန်များ မည်ကဲ့သို့သောအနေအထားတွင် ဆက်လက်ကျန်ရှိနေမည်ကို မခန့်မှန်းနိုင်သေးကြောင်း စစ်ပြေးရှောင်သူများက ဆိုသည်။ 

    အလားတူ ဘုရားသုံးဆူမြို့ပေါ်ရှိ အစိုးရစာသင်ကျောင်းများ ယနေ့နေ့လည်ပိုင်းတွင် ပိတ်ထားပြီး ဈေးဆိုင်၊ စားသောက်ဆိုင်များနှင့် လမ်းမပေါ်များတွင် လူအသွားအလာမရှိသလောက်ဖြစ်နေကြောင်း တွေ့ရှိရသည်။

    နဝတအစိုးရနှင့် မွန်ပြည်သစ်ပါတီ ၁၉၉၅ ခုနှစ် အပစ်ရပ်သဘောတူညီချက်အရ ဂျပန်ရေတွင်းကျေးရွာကို မွန်ပြည်သစ်ပါတီအတွက် အမြဲတမ်းတပ်တည်စခန်းအဖြစ် အသိအမှတ်ပြုပေးထားပြီး ကျေးရွာအိမ်ခြံမြေနေရာများအဖြစ် မွန်ပြည်သစ်ပါတီက သတ်မှတ်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

    ထို့အတူ မွန်ပြည်သစ်ပါတီတပ်တည်စခန်းများဖြစ်ခဲ့သည့် သံဖြူဇရပ်-ဘုရားသုံးဆူမော်တော်ကားလမ်းမပေါ်ရှိ ဘုရားတောင်ဂိတ်စခန်းနှင့် ဇီးနှစ်ပင်ဂိတ်စခန်းနေရာ ၂ ခုကိုလည်း လွန်ခဲ့သည့် ၂ နှစ်ခန့်က တပ်မတော်မှဝင်ရောက်သိမ်းဆည်းခဲ့ပြီး ယနေ့တိုင် ပြန်လည်လွှဲအပ်ပေးခြင်း မရှိသေးပေ။

    Photo- ထိုင်းနယ်မြေဘက်သို့ ထွက်ပြေးလာသော စစ်ဘေးရှောင်ရွာသားများ(Facebook)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks