spot_img
Sunday, February 15, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးNCA (၄) နှစ်ပြည့်အခမ်းအနား အောက်တိုဘာ ၂၈ တွင် ကျင်းပမည်

    NCA (၄) နှစ်ပြည့်အခမ်းအနား အောက်တိုဘာ ၂၈ တွင် ကျင်းပမည်

    -

    မွန်သတင်းအေဂျင်စီ(အောက်တိုဘာ ၁၂)

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခဲ့သည့် (၄) နှစ်ပြည့်အခမ်းအနားကို အောက်တိုဘာ ၂၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း PPST ခေါင်းဆောင်များမှ သိရသည်။

    တိုင်းပြည်၏ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် အရေးကြီးသောသမိုင်းမှတ်တိုင်အဖြစ် လေးနက်စွာအသိအမှတ်ပြုကြိုဆိုပြီး နိုင်ငံရေးဆွေးနွေးမှုများမှတဆင့် NCA ကို တစိုက်မတ်မတ်အကောင်အထည်ဖော်ဆောင်ရန် (၄) နှစ်ပြည့်အခမ်းအနားကျင်းပရေးအတွက် NCA လက်မှတ်ထိုး အပစ်ရပ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်မှုအဖွဲ့ PPST အစည်းအဝေးမှ အခမ်းအနားပူးတွဲကျင်းပရေးကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးလိုက်ကြောင်း ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

    PPST ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းငင်းက “တစ်ဆို့မှုတွေအရင်ရှင်းမယ်၊ ပြီးတော့ တဆင့်ပြီးတဆင့် တရားဝင် လမ်းကြောင်းလား အလွတ်သဘောလမ်းကြောင်းလား အဆင်ပြေတယ် အားလုံးလက်ခံနိုင်တဲ့ အခင်းအကျင်း ရှိတယ်၊ အဖြေရလောက်တယ်ဆိုမှ ၂၁ ပင်လုံကို ဆက်လက်ကျင်းပဖို့ရှိပါတယ်” ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

    ၂၀၂၀ အလွန်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် အာမခံချက်ရရှိရေးအတွက် လိုအပ်သည့်အခြေခံ အုတ်မြစ်များကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် ချမှတ်သွားရန်လိုအပ်သည်ဟု PPST က အလေးအနက်ရှုမြင်သည်ဟု ဆိုသည်။

    ထို့ပြင် NCA အကောင်အထည်ဖော်မှုဆိုင်ရာညှိနှိုင်းအစည်းအဝေး JICM ကျင်းပရန်မူအားဖြင့်သဘောတူပြီး အစိုးရကိုယ်စားလှယ်နှင့် ဆက်လက်ညှိနှိုင်း၍ အစည်းအဝေးကျင်းပဖြစ်ရန် ရရှိလာသောရလဒ်အပေါ် မူတည်နေသည်ဟု PPST ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြသည်။

    “နေပြည်တော်ကောင်စီနယ်မြေမှာ CNF နဲ့ KNU တို့က အကြမ်းဖက်မှု ဖောက်ခွဲမှုတွေလုပ်မယ်ဆိုတဲ့ အခြေအမြစ်မရှိတဲ့ သတင်းအချက်အလက်တွေ ဒါလည်းလုံးဝမဖြစ်သင့်ဘူး၊ ကျနော်တို့အချင်းချင်းကြားမှာ ယုံကြည်မှုတွေပျက်ပြားစေတဲ့အချက်ဖြစ်တယ်၊ ဒီလိုအခြေအမြစ်မရှိတဲ့ ဒီလိုစွပ်စွဲချက်တွေ မလုပ်သင့်ဘူး” ဟု PPST ပြောခွင့်ရ မွန်ပြည်သစ်ပါတီ ဗဟိုနိုင်ငံရေးဌာနတာဝန်ခံ နိုင်အောင်မငေးက ပြောသည်။

    ပြီးခဲ့သည့် စက်တင်ဘာလအတွင်း လူမှုကွန်ယက် Facebook တွင် ပျံ့နှံ့ခဲ့သည့် နိုင်ငံတော်သမ္မတရုံး၏ အစိုးရဌာနများသို့ လုံခြုံရေး အထူးဂရုပြုရန်ညွှန်ကြားစာတွင် ရခိုင်တပ်တော် AA, ကချင် KIA, ချင်း CNF နှင့် KNU ကရင်လက်နက်ကိုင်အဖွဲ့များနှင့် စိစစ်ဆဲအဖွဲ့တချို့က နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး မြို့များအတွင်း စက်တင်ဘာ ၂၆၊ အောက်တိုဘာ ၁၆နှင့် အောက်တိုဘာ ၂၆ ရက်နေ့များတွင် ဖောက်ခွဲမှုပြုလုပ်မည်ဆိုသည့်ကိစ္စနှင့်ပတ်သက်၍ ပြည်သူများမှအထင်အမြင်လွဲမှားမှုဖြစ်လာနိုင်သလို နှစ်ဖက်အကြား ယုံကြည်မှုတည်ဆောက်ရေးကို ထိခိုက်လာနိုင်သဖြင့်  PPST မှ ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာထားသည်ဟု နိုင်အောင်မငေးက ဆက်ပြောသည်။

    PPST အစည်းအဝေး (၀၅/၂၀၁၉) ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ အောက်တိုဘာ ၁၀ မှ ၁၂ ရက်နေ့အထိကျင်းပခဲ့ရာတွင် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၁၀ ဖွဲ့မှခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ၊ အကြံပေးပုဂ္ဂိုလ်များ၊ နည်းပညာအထောက်အကူပြုများနှင့် ရုံးဝန်ထမ်းများ စုစုပေါင်း (၇၄) ဦး တက်ရောက်ခဲ့သည်။

    ကရင် အမျိုးသား အစည်းအရုံး(KNU) ၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) ၊ ချင်းအမျိုးသား လွတ်မြောက်ရေး ပါတီ(CNF) ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA) ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) ၈ ဖွဲ့တို့က ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က NCA လက်မှတ်စတင်ရေးထိုးခဲ့ပြီး မွန်ပြည်သစ်ပါတီ(NMSP) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့က ယမန်နှစ်တွင် ဆက်လက်ရေးထိုးခဲ့သည်။

    Photo- PPST (၀၅/၂၀၁၉) အစည်းအဝေးမြင်ကွင်း (NCA-S EAO)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks