မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News

ဖက်ဒရယ်အရေးတွင် NLD ရပ်တည်ချက် သွေဖီသွားပြီလား

ဗညားအောင် (အောက်တိုဘာ ၁၅)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ “ပြောင်းလဲချိန်တန်ပြီ” ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်း နံပါတ်(၁) ဦးစားပေးနေရာတွင် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အဓိကထားဆောင်ရွက်မည်ဟု ဆိုခဲ့သော်လည်း ယခုအစိုးရသက်တမ်း ၄ နှစ်ပြည့်ခါနီးကာလ၌ လက်ဆုပ်လက်ကိုင်ပြနိုင်လောက်သည့် တိုးတက်မှုများမရှိဘဲ လေထဲတိုက်အိမ်ဆောက်သည့်သဘောမျိုးသာ တွေ့ရသည်။

အကြောင်းအမျိုးမျိုးကြောင့် အစိုးရနှင့် NCA-S EAO တို့ တရားဝင်ဆွေးနွေးပွဲများ တစ်နှစ်နီးပါးကြာမျှ ရပ်တန့်ခဲ့သဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ အစည်းအဝေးများလည်း သတ်မှတ်ချိန်အတိုင်း ဆက်လက်မကျင်းပနိုင်ခဲ့ပေ။ 

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၁၀ ဖွဲ့ (မူလ ၈ ဖွဲ့သာ NMSP,LDU မပါဝင်သေး) NCA-S EAO တို့ NCA လက်မှတ်ရေးထိုးခဲ့သည်မှာ ယနေ့အောက်တိုဘာ ၁၅ ရက်တွင် ၄ နှစ်ပြည့်ပြီဆိုသော်လည်း လာမည့် အောက်တိုဘာလကုန်ကာနီး အခမ်းအနားကျင်းပဖြစ်ရန် နှစ်ဖက်ကိုယ်စားလှယ်များ ညှိနှိုင်းနေရဆဲ အနေအထားဖြစ်သည်။

 “နိုင်ငံရေးကြောင့် လက်နက်ကိုင်တော်လှန်ရေးလုပ်ခဲ့တဲ့ ကျနော်တို့တတွေဟာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းဖို့ရည်မှန်းပြီး NCA ကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်” ဟု PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောသည်။

NCA စာချုပ်သည် အပစ်ရပ်စဲရေးသက်သက်ထက်ကျော်လွန်ပြီး လက်နက်ကိုင်ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသော ဖက်ဒရယ်ပြည်ထောင်စုကြီးကို ပါဝင်သင့်သူအားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများနှင့်အညီ တည်ဆောက်ရန်ဟူသော နိုင်ငံရေးအာမခံချက်ကိုလည်း အခိုင်အမာပေးထားသည်ဟု ဆိုသည်။

သို့ရာတွင် ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ရက်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD (၃၁) နှစ်မြောက် အခမ်းအနား၌ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က “ဒီမိုကရေစီရပြီးမှ ဖက်ဒရယ်အတွက်ဝိုင်းပြီးပုံဖော်မယ်” ဆိုသည့် NLD သဘောထားကို ရှင်းလင်းပြောကြားခဲ့သည်မှာ NCA လမ်းကြောင်းအရ လက်ရှိ အကောင်အထည်ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေလုပ်ငန်းစဉ်များနှင့် ဖီလာဆန့်ကျင်နေသည်။

 ‘‘အခု ကိုယ်လိုချင်တာတွေတောင်းနေရင် တစ်ဦးနဲ့တစ်ဦး အမြင်ချင်းမတိုက်ဆိုင်တာရှိပြီး ဘယ်တော့မှရှေ့ကိုရောက်မှာ မဟုတ်ဘူး။ ဒါကြောင့် ဒီမိုကရေစီ အရင်ရအောင် ဝိုင်းပြီးတော့  အားကောင်းကောင်းနဲ့လုပ်မယ်။  ပြီးရင် ဖက်ဒရယ်စနစ်ကို ဝိုင်းပြီးတော့ ပုံဖော်ကြမယ်” ဟု ဒေါက်တာမျိုးညွန့်က ရှင်းလင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ အစည်းအဝေးများမှာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဟန်ပြလုပ်ဆောင်မှုများဟုယူဆနိုင်ပြီး အဆိုပါညီလာခံ ရည်မှန်းချက်များ အထမြောက်အောင်မြင်ခြင်း(သို့တည်းမဟုတ်) မအောင်မြင်ခြင်းမှာ NLD အစိုးရမျှော်မှန်းထားသော ရလဒ်အဖြေမဟုတ်ကြောင်း သိသာထင်ရှားလာသည်။

 “ဒီမိုကရေစီရပြီးမှသာ ညှိနှိုင်းတိုင်ပင်ပြီးတော့ ဖက်ဒရယ်တည်ဆောက်ကြမယ်ဆိုတာ မှန်ကန်တဲ့အယူအဆ မဟုတ်ပါဘူး၊ ဒါကို ကျနော်တို့တိုင်းရင်းသားတွေ လုံးဝလက်မခံပါဘူး၊ ကျနော်တို့တိုင်းပြည်ရဲ့ နိုင်ငံရေးပြဿနာမှာ အဓိကအချက် ၂ ချက်ပဲရှိပါတယ်။ ဒီမိုကရေစီနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်လို့ဆိုတဲ့ ဖက်ဒရယ်ပြဿနာပါပဲ၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဟာ ဒဂါၤးပြားတစ်ခုရဲ့ ခေါင်းနဲ့ပန်းလို တစ်ခုတည်းတစ်လုံးတည်း ဖြစ်ပါတယ်၊ အဲဒါကြောင့် ဒီပြဿနာတွေကိုဖြေရှင်းတဲ့အခါမှာ တစ်ခုစီသီးသန့် သပ်သပ်ခွဲထုတ်လို့မရနိုင်ပါဘူး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြဿနာဟာ တစ်ချိန်တည်း တစ်ပြိုင်တည်း တစ်ခါတည်းနဲ့ ဖြေရှင်းရမယ့် အရာကိစ္စဖြစ်တယ်” ဟု မွန်ညီညွတ်ရေးပါတီ တွဲဘက်အတွင်းရေးမှူး(၁) နိုင်လယိတမက ဆိုသည်။

လက်ရှိ လွှတ်တော်တွင်း ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် တင်သွင်းထားသော စာရွက်စာတမ်းများကို လေ့လာကြည့်ရာတွင် NLD ပါတီအနေဖြင့် ဖက်ဒရယ်စနစ်အပေါ် လိုလားမှုမရှိသည်ကို တိုင်းရင်းသားများသိရှိရသောကြောင့် အစိုးရအပေါ် ယုံကြည်မှုကျဆင်းလာသလို လက်ရှိငြိမ်းချမ်းရေး တည်ဆောက်မှုကိုလည်း သိသိသာသာ ရိုက်ခတ်လာနေသည်ဟု နိုင်လယိတမက ထောက်ပြသည်။ 

အစိုးရက (၂၁) ရာစုပင်လုံကို ရွေးကောက်ပွဲကာလမရောက်ခင် လာမည့် ၂၀၂၀ ဇန်နဝါရီ (သို့မဟုတ်) ဖေဖော်ဝါရီလအတွင်း ကျင်းပရန် လိုလားနေသလို တဖက်မှာလည်း ရွေးကောက်ပွဲနီးလာသည့်အတွက် အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဒုတိယနေရာတွင်သာ ထားရှိသည်ဟု PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွတ်ဆစ်က ရှုမြင်သုံးသပ်သည်။ 

၂၀၂၀ အလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် အာမခံချက်ရရှိရေး လိုအပ်သည့်အခြေခံအုတ်မြစ်များကို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – ၂၁ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် ချမှတ်ရန် လိုအပ်ကြောင်း အပစ်ရပ် ၁၀ ဖွဲ့ ခေါင်းဆောင်များ တက်ရောက်သည့် PPST အစည်းအဝေးမှ ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ထို့အတူ (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပရေးအလားအလာနှင့်ပတ်သက်၍ NCA-S EAO ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့  PPST ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းငင်းက “တစ်ဆို့မှုတွေအရင်ရှင်းမယ်၊ ပြီးတော့ တဆင့်ပြီးတဆင့် တရားဝင် လမ်းကြောင်းလား အလွတ်သဘောလမ်းကြောင်းလား အဆင်ပြေတယ် အားလုံးလက်ခံနိုင်တဲ့ အခင်းအကျင်းရှိတယ် အဖြေရလောက်တယ်ဆိုမှ ၂၁ ပင်လုံကို ဆက်လက်ကျင်းပဖို့ရှိပါတယ်” ဟု ဆိုသည်။

လက်ရှိ NLD အစိုးရလက်ထက်တွင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို တိုင်းရင်းသားများအဖို့ မျှော်လင့်ချက်အလေးအနက်ထားဟန် မရှိတော့ဘဲ အကယ်၍ (၂၁) ရာစုပင်လုံ(စတုတ္ထအစည်းအဝေး) ကျင်းပဖြစ်ပါက နောင်တက်လာသော မည်သည့်အစိုးရနှင့်မဆို NCA စာချုပ်အကောင်အထည်ဖော်မှု ခိုင်မာမှုရှိစေရန် ပြည်ထောင်စုအဆင့်၏ ဆုံးဖြတ်ချက်တစ်မျိုးမျိုးကို NCA-S EAO တို့ လိုလားနေသည်။

တဖက်မှာလည်း နိုင်ငံတော်အစိုးရဘက်မှ အစိုးရအဖွဲ့၊ လွှတ်တော်နှင့် တပ်မတော်မှ ကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ နှစ်ဖက်ပါဝင်သည့် ၃ လတစ်ကြိမ်ကျင်းပမည်ဆိုသော NCA အကောင်အထည်ဖော်မှုအစည်းအဝေး JICM မကျင်းပဖြစ်သည်မှာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းကတည်းက ဖြစ်သည်။

အစိုးရအဆိုပြုထားသည့် JICM အစည်းအဝေးခေါ်ယူကျင်းပမည့်ကိစ္စအပေါ် PPST  ဘက်က အကြိုညှိနှိုင်းရေးကော်မတီအစည်းအဝေး ပဏာမအဆင့်အရင်ကနဦး ပြုလုပ်လိုပြီး ထွက်ပေါ်လာသည့်ရလဒ်အပေါ်  JICM အစည်းအဝေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတို့ကို အဆင့်ဆင့်ကျင်းပသွားရန် ပြန်လည်အဆိုပြုထားသည်ဟု PPST ပြောခွင့်ရ နိုင်အောင်မငေးက ဆိုသည်။ 

JICM အကြိုညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၂၅-၂၆ ရက်များတွင် ကျင်းပသွားရန်စီစဉ်ထားကြောင်း သိရသည်။ ထို့ကြောင့် JICM အကြိုညှိနှိုင်းအစည်းအဝေးကနေ မည်သည့်အခင်းအကျင်းကို အသစ်တဖန် ပြန်လည်ဖန်တီးပေးလာမလည်းဆိုတာ စောင့်ကြည့်ရပေတော့မည်။

Photo- ၆ ကြိမ်မြောက် JICM အစည်းအဝေး (MSCO)

About မွန်သတင်းအေဂျင်စီ

Check Also

မွန်ဂီတအစည်းအရုံးဥက္ကဌ အိုင်းမွန်(ခ) ကိုမောင်လှ အသက် (၇၁ နှစ်) ကွယ်လွန်အနိစ္စရောက်

မွန်သတင်းအေဂျင်စီ (၂၀၂၁ ဧပြီ ၁၀) ဂီတမွန်တီးဝိုင်း၏ ဖခင်ကြီး မွန်ဂီတအစည်းအရုံးဥက္ကဌ အိုင်းမွန်(ခ) ကိုမောင်လှ အသက် (၇၁) နှစ်သည် မော်လမြိုင်မြို့နယ် ရိုးဂိုးရွာမီးရထားလမ်းကူး၌ ပြီးခဲ့သည့်ညပိုင်းက …

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.