Monday, April 13, 2026
More
    spot_img
    Homeသတင်းအတ္တရံမြစ်ရေမြင့်တက်လာမှုကြောင့် ကျိုက်မရောမြို့တွင် ကယ်ဆယ်ရေးစခန်းနှစ်ခုဖွင့်လှစ်

    အတ္တရံမြစ်ရေမြင့်တက်လာမှုကြောင့် ကျိုက်မရောမြို့တွင် ကယ်ဆယ်ရေးစခန်းနှစ်ခုဖွင့်လှစ်

    -

    မင်းသူရိန်(ကျိုက်မရော၊ သြဂုတ် ၈)

    အတ္တရံမြစ်ရေ မြင့်တက်လာမှုကြောင့် ကျိုက်မရောမြို့ပေါ်တွင် သြဂုတ်လ ၇ ရက်နေ့က ကယ်ဆယ်ရေးစခန်းနှစ်ခု ဖွင့်လှစ်ထားပြီး ရေဘေးရှောင် ၆၀၀ ကျော် လာရောက်ခိုလှုံလျက်ရှိကြောင်း ကယ်ဆယ်ရေးစခန်းများမှ သိရသည်။

    “အမှတ် (၃) အလယ်တန်းကျောင်းခွဲ ကယ်ဆယ်ရေးစခန်းကို ရောက်လာတာကတော့ ရှင်စောပုရပ်ကွက်နဲ့ ရန်မျိုးအောင်ရပ်ကွက်က များတာပေါ့၊ ရှင်စောပုဆိုလိုရှိရင် စံပယ်ဂူ ရွှေ့ပြောင်းလုပ်သားတွေ ရန်မျိုးအောင်ဆိုလိုရှိရင် ကျောက်တောင်ဘက်က ရွှေ့ပြောင်းလုပ်သားတွေ များတာပေါ့၊ အိမ်ထောင်စုက ၉၉ စုရှိတယ်၊ လူဦးရေက ၄၀၀ ကျော်ပေါ့ အတိအကျတော့ မရသေးဘူး၊ ခန့်မှန်းခြေပေါ့”ဟု အတ္တရံရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းဦးက ပြောသည်။

    ရသေ့ကျောင်းတိုက်ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းတွင် ကလိုင်းကနိုင်ရပ်ကွက်မှ ကျောက်လာတူးသည့် ရွှေ့ပြောင်းလုပ်သား အိမ်ထောင်စု ၅၆ စုမှ ရေဘေးရှောင် ၂၀၅ ဦး ရောက်ရှိနေကြောင်း ကလိုင်းကနိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးချစ်အေးက ဆိုသည်။

    “ဒီရေကြီး နစ်မြုပ်မှုကတော့ အန်တီတို့မြို့နယ်ထဲမှာ ချောင်း ၄၂ ချောင်းမှာ ၂၇ ချောင်း ဖော်ပြီးပါပြီ။ အမှန်ကတော့ ဝါဆို လပြည့်ထဲက ရေတက်ပါတယ််။ ချောင်းတွေက ဆွဲနိုင်ပါတယ်။ ပုံမှန်တက်ရေဆို အန်တီတို့ လုပ်ထားတဲ့ အစီအစဉ်အရ အင်မတန်မှ အောင်မြင်ပါတယ်။ သို့သော် အခုဖြစ်လာတာက ဒီနေ့ ရေသေရက်ပေါ့။ ရေသေရက်မှ မိုးက တအားဝင်လာတယ်”ဟု ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်က ပြောသည်။

    ကျိုက်မရောမြို့နယ်တွင် ရေကြီးနစ်မြုပ်နေသော ရပ်ကွက်၊ ကျေးရွာများမှာ ချောင်းနှစ်ခွ၊ လမုခို၊ ပေါလော၊ ရေပူကော့စပ်၊ ငပြေမ၊ ဦးလေး၊ ရှင်စောပု၊ ရန်မျိုးအောင်နှင့် ကလိုင်းကနိုင်တို့ဖြစ်ကြသည်။

    “ရေစတက်တာ သိပ်မကြာသေးဘူး။ မနေ့ကမှ တဲရေမြုပ်သွားတယ်။ တဲရေမြှုပ်သွားတော့ စင်ထိုးထားတာပေါ့။ အဲဒါက ရေတစ်တောင်လောက်ပဲ ကျန်တယ်။ လှေလည်း မရှိတော့ ကလေးရှိနေတော့ စိတ်ပူလို့ပါ။ လှေကလည်း မရှိတော့။ ပြောင်းလာတာ”ဟု အမှတ် (၃) အလယ်တန်းကျောင်းခွဲ ကယ်ဆယ်ရေးစခန်းကို ရောက်ရှိနေသော ရှင်စောပု (၂)ရပ်ကွက်မှ ဒေါ်စန်းမြင့်က ပြောဆိုသည်။

    ကျိုက်မရောမြို့တွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းနှစ်ခု၌ လာရောက်ခိုလုံနေသော ရေဘေးရှောင်ပြည်သူများကို လူကယ်ပြန်နှင့် အလှူရှင်များက ကူညီပေးလျက်ရှိပြီး စားရေးသောက်ရေးအတွက် အလှူရှင်များကို စောင့်မျှော်နေကြောင်း ကယ်ဆယ်ရေးစခန်းမှ တာဝန်ရှိသူများက ပြောသည်။

    အလားတူ ဘီးလင်းမြစ်ရေစိုးရိမ်ရေအထက်ကျော်လွန်နေသည့်အတွက် ကယ်ဆယ်ရေးစခန်း ၃၇ တွင် လူဦးရေ ၇၀၀၀ ကျော်ဝင်ရောက်ခိုလှုံလျက်ရှိကြောင်း သတင်းရရှိသည်။

    မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထုတ်ပြန်ချက်အရ မွန်၊ ကရင်နှင့် တနင်္သာရီတိုင်းတို့တွင် နောက်နှစ်ရက်အထိ မိုးပိုနေမည်ဖြစ်ကြောင်း၊ ဘင်္ဂလားပင်လယ်အော်ရှိ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားခြင်း မရှိ်သော်လည်း နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်း၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် မိုးကြီးနို်င်ပြီး လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ယမန်နေ့က ထုတ်ပြန်ထားသည်။


    Photo- ကျိုက်မရောမြို့ပေါ်က ရေဘေးရှောင်များ(MNA)



    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks